ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဒရုန်း စေလွှတ်ပြီး မြောက်ကိုရီးယားက သူလျှိုထောက်လှမ်းနေဟု တောင်ကိုရီးယားပြော

ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဒရုန်း စေလွှတ်ပြီး မြောက်ကိုရီးယားက သူလျှိုထောက်လှမ်းနေဟု တောင်ကိုရီးယားပြော

ဆိုးလ်၊ ဇွန် ၂၁ ။             ။ တောင်ကိုရီးယားတွင် ဖြန့်ကြက်ထားသည့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို မြောက်ကိုရီးယားဖက်က ဒရုန်းယာဉ် စေလွှတ်ပြီး သူလျှိုထောက်လှမ်းကြောင်း တောင်ကိုရီးယားက အတည်ပြုပြောသည်။

နယ်စပ်တွင် ဒရုန်းယာဉ်တစ်စီးကို ပြီးခဲ့သည့် သီတင်းနှစ်ပတ်က တွေ့ရှိပြီးနောက် ယခုကဲ့သို့ အတည်ပြုပြောလာခြင်းဖြစ်ကာ မြောက်ကိုရီးယားက စစ်ရေးအရ ရန်စလာခြင်းပဲဖြစ်သည်ဟု တောင်ကိုရီးယားဖက်က ဆိုသည်။

ဒရုန်းကို စစ်ဆေးကာ ပျံသန်းလမ်းကြောင်းကို သုတေသနပြုပြီးနောက် ယင်းဒရုန်းယာဉ်မှာ မြောက်ကိုရီးယားအရှေ့ပိုင်း ကမ်ဂန်းစီရင်စုမှ မေ ၂ ရက်တွင် ပျံတက်လာခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဒရုန်းယာဉ်သည် နှစ်နိုင်ငံကြား စစ်မဲ့ဇုန်ကို ဖြတ်ပျံခဲ့ကြောင်း၊ ငါးနာရီခွဲကြာ ပျံဝဲပြီး ဓာတ်ပုံပေါင်း ၅၅၀ ကျော်ထက်မနည်း ရိုက်ယူခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

အချက်အလက်များအရ အဆိုပါ ဒရုန်းယာဉ်သည် မြောက်ကိုရီးယားဖက်သို့ ပြန်လည်ပျံသန်းရန် ပရိုဂရမ်ထည့်သွင်းထားသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကာ မြောက်ကိုရီးယားအစိုးရအနေဖြင့် ယင်းကိစ္စတွင် တာဝန်ရှိကြောင်း ပြောထားသည်။

"ကျွန်တော်တို့စစ်တပ်က မြောက်ကိုရီးယားဖက်က ဒရုန်းတွေ ထိုးဖောက်စိမ့်ဝင်နေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဘယ်လိုရန်စမှုမျိုးမဆို ချက်ချင်း ရပ်ပစ်ဖို့လည်း တိုက်တွန်းပါတယ်။"ဟု ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဂျောင်ဒေါင်းဂျင်းက ရုပ်သံထုတ်ပြန်ချက်တွင် ဆိုခဲ့သည်။

ပျက်ကျထားဟန်ရှိသည့် အဆိုပါ ကင်မရာတစ်လုံးနှင့် 64 gigabyte memory card ပါသော ဒရုန်းယာဉ်ကို နှစ်နိုင်ငံနယ်စပ်နား တောင်ထူထပ်ရာအရပ်တွင် ဇွန် ၉ ရက်က တောင်ကိုရီးယားဖက်မှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားတွင် THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အမေရိကန်က ဖြန့်ကြက်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly