ဗိုလ်တထောင်မြို့နယ်ရှိ ၅၅ ရှိ ဆီဆိုင်အမှတ် ၀၂၅၄ ၏ ဘေးအုတ်နံရံ ပြိုကျ

ဗိုလ်တထောင်မြို့နယ်ရှိ ၅၅ ရှိ ဆီဆိုင်အမှတ် ၀၂၅၄ ၏ ဘေးအုတ်နံရံ ပြိုကျ
ဓာတ်ပုံ-ဒေါ်မေစိုးဖေ့ဘွတ်ခ်

ရန်ကုန်၊ ဇွန် ၂၁ ။             ။ ဗိုလ်တထောင်မြို့နယ်ရှိ ၅၅ လမ်းထိပ်ရှိ နိုင်ငံပိုင် ဆီဆိုင်အမှတ် ၀၂၅၄ ၏ဘေး အုတ်နံရံဝန်း ယနေ့ (ဇွန် ၂၁) နေ့လယ် ၃ နာရီကျော်ခန့်က ပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဒေါ်မေစိုးက မဇ္ဈိမသို့ပြောသည်။

“ လူတော့ထိခိုက်မှု ဘာမှမရှိပါဘူးရှင့် “ ဟု ၎င်းက ပြောဆိုသည်။ သို့သော်လည်း အဆိုပါ ဆီဆိုင်အနီး ဝန်းကျင်ရှိ ကား ၃စီး အနောက်ပိုင်း ထိခိုက်သွားခဲ့သည်ဟု ဗိုလ်တထောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မြင့်က ပြောသည်။

လွှတ်တော်အမတ် ဖြစ်ကာစကတည်းက အဆိုပါ အုပ်နံရံဝန်းမှာ အန္တရာယ်ရှိသောကြောင့် ပြုပြင်ခိုင်းသော်လည်း ပြုပြင်ခြင်းမရှိခဲ့ကြောင်းလည်း ဒေါ်မေစိုးကဆက်လက်ပြောဆိုသည်။

“ သူတို့ကလည်း ဘတ်ဂျက်တင်ရဦးမယ်ပေါ့ “ ဟု အဆိုပါ ဆိုင်အခြေအနေကို ဒေါ်မေစိုးက ပြောခဲ့သည်။

အဆိုပါအုတ်နံရံမှာ ညောင်ပင်အမြစ်များတွယ်ကပ်ကာ ၅၅ လမ်းဘက်ကို ယိုင်နှဲ့နေသောကြောင့် ယခင်ကတည်းက ပြင်ဆင်ခိုင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဓာတ်ဆီဆိုင်မှာ စွမ်းအင်ဝန်ကြီးဌာနပိုင် ဖြစ်သည်။

အုတ်နံရံ ပြိုကျသည့်နေရာသို့ မြို့နယ်ထွေအုပ်၊ ရပ်မိရပ်ဖများနှင့် ဗိုလ်တထောင်မြို့မရဲစခန်းမှ တာဝန်ရှိသူများသွားရောက် စစ်ဆေးနေကြောင်း ဒေါ်မေစိုးကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်တထောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မြင့်က “ အဲ့တာက စွမ်းအင်ဝန်ကြီးဌာနက ဆက်လုပ်မယ်ထင်တယ်။ စွမ်းအင်ဝန်ကြီးဌာနပိုင်ဆိုတော့လေ “ ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly