နိုင်ကျဉ်း အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိသေး၍ ဆောင်ရွက်ရန် လတ်တလောအစီစဉ် မရှိဟု ဆို

နိုင်ကျဉ်း အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိသေး၍ ဆောင်ရွက်ရန် လတ်တလောအစီစဉ် မရှိဟု ဆို

နေပြည်တော်၊ ဇွန်လ၊ ၂၁ ။                 ။ ပြီးခဲသည့် ပြည်သူ့လွှတ်တော် အစည်းဝေးအတွင်း နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သတ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုရန် ရှိမရှိ ပြည်ထောင်စုအစိုးရ၏ သဘောထားမေးမြန်းရာတွင် လတ်တလော အဓိပ္ပါယ်ဖွင့်ဆိုရန် မရှိသောကြောင့် တည်ဆဲ ဥပဒေတွေကို ချိုးဖောက်မှုပေါ်မှာပဲ ဆောင်ရွက်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

“နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပါ္ပယ် နိုင်ငံရေးပြစ်မှုဆိုတဲ့ အဓိပ္ပါယ် ကျွန်တော်တို့ စိစစ်ဆောင်ရွက်မှုတွေ လတ်တလော မရှိသေးဘူးလို့ ဖြေကြားလိုပါတယ်။ လတ်တလော ကျွန်တော်တို့ အစီအစဉ်မရှိသေးပါဘူး” ဟု  ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

လက်ရှိ အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားနှင့် နိုင်ငံရေး ပြစ်မှုဆိုတာကို လတ်တလော အဓိပါ္ပယ်ဖွင့်ဆိုရန် အစီစဉ်မရှိသေးကြောင်းလည်း ဖြေကြားထားပြီးဖြစ်ကြောင်း၊  ထို့ကြောင့် တည်ဆဲဥပဒေတွေကို ချိုးဖောက်မှု အပေါ်မှာပဲ မူတည်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပါ္ပယ် ၊ နိုင်ငံရေးပြစ်မှုဆိုတဲ့ အဓိပ္ပါယ် ကျွန်တော်တို့စိစစ်ဆောင်ရွက်မှုတွေ လတ်တလော မရှိသေးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဖြေကြားခဲ့သည်။

ယနေ့ ဇွန်လ ၂၁ရက်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သော အမျိုးသားလွှတ်တော်စည်းဝေးတွင်း အမတ်များ၏ မေးခွန်းများကို ဖြေကြားပြီး ပြန်လည်ထွက်ခွာချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာနိုင်ငံ အစိုးရသစ်လက်ထက် တွင် နိုင်ငံရေး အကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအားလုံး လွှတ်ပေးရန် အစီစဉ် ရှိ/မရှိဆိုသည့် မေးခွန်းကို ယနေ့အမျိုးသား လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင်အမျိုးသားလွှတ်တော် အစည်းဝေးတွင်း “မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ တရားရုံး အသီးသီးဟာ တည်ဆဲ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူတွေကို ဥပဒေနဲ့ အညီပြစ်ဒဏ်များ ချမှတ်   ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ ပြစ်ဒဏ်ချမှတ်တဲ့အပြစ်ပေး ဝန်ထမ်းတွေမှာတော့ ရာဇဝတ်မှုဆိုင်ရာ ဥပဒေများနှင့် တရားမ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်မှုများ အဖြစ်သာ ဖော်ပြထားကြောင်း   တွေ့ရှိရပါတယ်”ဟု လွှတ်တော်တွင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၏ ဖြေကြားချက်အပေါ် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က “ဝန်ကြီးက နောက်ဆုံးပဲ   ဖြေသွားတာက ဆက်လက်ပြီးတော့ တိုက်ရိုက် အမိန့် ဖွဲ့စည်းပုံ အခြေံ ဥပဒေ နဲ့ အညီ လုပ်ဆောင်သွားတဲ့ သဘောပဲ ဖြစ်တော့တယ်။အဲ့ဒီ အပေါ်မှာပဲ ဘာဆိုမလဲ ဝန်ကြီးဖြေတာ ဒီမေးခွန်းရဲ့ အဖြေကို တိုက်ရိုက်ကြီး ဘာမှ မပါဘူး။ မပါဘူးဆိုတော့ သူတို့ ခံယူချက်တွေကိုက နိုင်ငံရေး အကျဉ်းသားဆိုတာ သူတို့မှာ သတ်မှတ်ချက်မရှိသေးဘူး၊ သတ်မှတ်ချက် မရှိသေးတော့ကာ သေသေချာချာ သူတို့ဖြေဖို့ သူတို့မှာ အင်အားနည်းတယ်” ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားဆိုသည်မှာ နိုင်ငံရေးလုပ်ရပ်တွေနှင့်ပတ်သက်ပြီး အစိုးရက မကျေနပ်၍ ဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချထားသည့် လူများဖြစ်သည့်အတွက် ခိုးဆိုးတိုက်လုသည့် ရာဇဝတ်သားများမဟုတ်ကြောင်း ဦးကျော်ကျော်က ဆိုသည်။

“သူတို့ပြောထားတာက အစိုးရပြောထားတာက အာဏာရှင်အစိုးရ အဆက်ဆက်မှာ စစ်အစိုးရ အဆက်ဆက်မှာ သူတို့ပြစ်မှု ကျုူးလွန်ပြီးတော့မှ တည်ဆဲဥပဒေတစ်ခုခု ကျူးလွန်လို့ သူတို့က နိုင်ငံရေး အရမဟုတ်ဘူး ပြဌာန်းထားတဲ့ ဥပဒေတစ်ခုခုကို ကျူးလွန် တဲ့ အခါ ဖမ်းထားတာ ဒါပဲရှိတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တစ်ယောက်မှ မရှိဘူးဆိုပြီးတော့ ရှင်းထားတာရှိတယ်။ အခုလည်း အဲ့ဒီဟာကို ဆက်ပြီးတော့ ဥပဒေ ပြဌာန်းမှု မရှိသေးဘူး။ နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုဟာမျိုးကို နိုင်ငံရေး အကျဉ်းသား ခေါ်တယ်ဆိုတာ အဓိပ္ပါယ် ဖွင့်ဆိုလို့ မရှိဘူး” ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၄ရက်ကနေ စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ပင်လုံ ကိုကြိုဆိုသောအားဖြင့် နိုင်ငံသား အကျဉ်းသား ၁၈၆ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦးတို့အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(က) ကြီး အရ နိုင်ငံတော် သမ္မတက ၂၀၁၇ခုနှစ် မေလ ၂၃ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံခွင့်ပြုပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly