ကလေးငယ်များအရေး ပိုမိုဖြည့်ဆည်းပေးရန် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို ယူနီဆက်ဖ်တိုက်တွန်း

ကလေးငယ်များအရေး ပိုမိုဖြည့်ဆည်းပေးရန် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို ယူနီဆက်ဖ်တိုက်တွန်း
ရေဘေးဒုက္ခခံစားနေရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ကလေးငယ်အချို့အား သြဂုတ် ၄ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ (ရာမည)

ရန်ကုန်၊ သြဂုတ် ၄ ။        ။ နိုဝင်ဘာ ၈ရက်တွင် ကျင်းပတော့မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၈၀ ကျော်မှ ကိုယ်စားလှယ်လောင်းများအနေဖြင့် ကလေး ငယ်များဆိုင်ရာ အရေးကိစ္စများ၊ အရှေ့တောင်အာရှဒေသတွင် အနိမ့်ကျဆုံးဖြစ်နေဆဲဖြစ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စရပ်များကို ဖြည့်ဆည်းပေးရန်အတွက် အလေးထား သင့်ကြောင်း ကို  မြန်မာနိုင်ငံရှိ ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ် အထူးကိုယ်စားလှယ်က သတိပေးတိုက်တွန်းလိုက်သည်။

"မြန်မာနိုင်ငံတွင်းက ကလေးငယ်များအတွက် ပိုမိုကောာင်းမွန်တဲ့ အနာဂတ်တည်ဆောက်တာက ပိုပြီး မဟာဗျူဟာကျကာ အလွန်အရေးကြီးတဲ့ ရင်းနှီးမြုပ်နှံမှုပဲဖြစ်ပါတယ်။ ဒါက မြန်မာ့အနာဂတ်ကို ပုံဖော်ပေးမှာဖြစ်တယ်။ အရေးကြီးတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်တွေ အနေနဲ့ ကလေးငယ်များအရေးမှာ အလေးထားလုပ်ဆောင်မည်ဆိုရင် သန့်ရှင်းတဲ့အနိုင်ရသူပဲဖြစ်ပါတယ်။"ဟု ယူနီဆက်ဖ်ကိုယ်စားလှယ် ဘာတရန့်ဘင်ဗယ်က သြဂုတ် ၁ ရက်က UN News Centre၏ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကမကထပြုကျင်းပသည့် နိုင်ငံရေးပါတီ ၈၀ ကျော်က ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင်လည်း ဘာတရန့်က မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းမေတ္တာရပ်ခံခဲ့သည်။

ပြုပြင်ပြောင်းလဲတိုးတက်မှုများ ဖော်ဆောင်နေလင့်ကစား မြန်မာနိုင်ငံတွင်း ကလေးငယ်သန်းပေါင်းများစွာမှာ အခွင့်အရေးများ ရေရှည်ဆုံးရှုံးနေကြဆဲဖြစ်သည်။

မကြာသေးမီက ထုတ်ပြန်သည့် ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၈ ကြား ကလေး ၄ ဒသမ ၄ သန်း ကျောင်းတက်ရောက်နိုင်ခြင်းမရှိဘဲ ကလေးဆယ်သန်းမှာ ဆင်းရဲနွမ်းပါး သည့်နေထိုင် မှုအောက်တွင် ရှိနေကြောင်း ယူနီဆက်ဖ်က ကိုးကားဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ဘတ်ဂျတ်ပိုမိုသုံးစွဲလာသော်လည်း အာဆီယံဒေသတွင်း အနည်းဆုံးသုံးစွဲသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာတွင်လည်း အနိမ့်ကျဆုံး နိုင်ငံတစ်နိုင်ငံ စာရင်းဝင်နေဆဲဖြစ်သည်။

"အစိုးရဘတ်ဂျတ်ခွဲဝေမှုမှာ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးကဏ္ဍတွေအတွက် ခြောက်ရာခိုင်နှုန်းတိုးပြီး ၉ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း ဘတ်ဂျတ်ချထားသုံးစွဲ လာတယ်ဆိုပေမယ့်လည်း မြန်မာ ကလေးငယ် သန်းပေါင်းများစွာအတွက် ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝကို ပုံဖော်မပေးနိုင်ပါဘူး။ ကလေးငယ်တွေအရေးမှာ အလေးထားလုပ်ဆောင်တာက နိုင်ငံရဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ပြီး အာဆီယံနဲ့ တန်းတူဖြစ်လာနိုင်စေပါမယ်။"ဟု ဘာတရန့်ကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly