တတိယအကြိမ် နိုင်ငံတကာ ယောဂနေ့ အခမ်းအနားကျင်းပ

တတိယအကြိမ် နိုင်ငံတကာ ယောဂနေ့ အခမ်းအနားကျင်းပ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် နိုင်ငံတကာယောဂနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပသော အခမ်းအနားကို ဇွန်လ ၂၁ ရက် နံနက် ၆ နာရီ၌ ပြည်သူ့ဥယျာဉ်ဆင်ရေပန်းအနီးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ပြီးခဲ့သော နှစ်များက အိန္ဒိယသံရုံး၏ အကူအညီဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ယောဂဝါသနာရှင်များပူးပေါင်း ပြုလုပ်ခဲ့ကြကြောင်း အခမ်းအနားကို ဦးစီးဆောင်ရွက်သော ယောဂနည်းပြ ဦးခင်မောင်ရွှေက ပြောသည်။

“ဒီယောဂကျင့်စဉ်ကို ငယ်ငယ်တည်းက လုပ်ရင် စိတ်ရှည်တယ်။ ရောဂါကင်းတယ်။ နုပျိုစေတယ်။ ဥပမာ- အသက်၈၀၊ ၉၀ ရှိပေမယ့် ၆၀၊ ၆၅ လို့ထင်ရတာမျိုးပေါ့”ဟု ယောဂနည်းပြ ဦးခင်မောင်ရွှေက ပြောသည်။

နိုင်ငံတကာယောဂနေ့ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်ကစပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံ(၁၉၃) နိုင်ငံက ထောက်ခံခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုကျင်းပခြင်းသည် တတိယအကြိမ်မြောက်ဖြစ်သည်။

“ဒီယောဂပွဲကြီးကို လုပ်တာကောင်းပါတယ်။ လူသိလည်း များလာတာပေါ့။ အရင်တုန်းက Yoga ဆိုရင် သိပ်မသိကြဘူး။ ဒီလိုပွဲတွေလုပ်တော့မှ အများသိလာတယ်။ အများက ပါဝင်လာတယ်။” ဟု ယောဂနည်းပြတစ်ဦးဖြစ်သူ မသူဇာက ဆိုသည်။

ထိုအခမ်းအနား၌ ယောဂကို စိတ်ဝင်စားသူများ၊ ဝါသနာရှင် ၄၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly