ဝေဖန်မှုတွေရှိနေတဲ့ကြားက တရုတ်မှာ ခွေးသားစားပွဲတော် ကျင်းပပြန်

ဝေဖန်မှုတွေရှိနေတဲ့ကြားက တရုတ်မှာ ခွေးသားစားပွဲတော် ကျင်းပပြန်

ဇွန် ၂၁ ။              ။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တရုတ်နိုင်ငံက ခွေးသားစားပွဲတော်ကို ဇွန်လ ၂၁ ရက်မှာ ဂွမ်ရှီပြည်နယ် ယွီလင်မြို့မှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ယခုနှစ်မှာ အာဏာပိုင်တွေဘက်က ပိတ်ပင်တားဆီးဖို့ရှိတယ်လို့ ကောလာဟလတွေ ပြန့်နေခဲ့ပေမယ့်လည်း ခုလို ပုံမှန်အတိုင်း ကျင်းပလာတာဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်း ယွီလင်မြို့က အဆိုပါ ခွေးသားစားပွဲတော်ကျင်းပမှုနဲ့ပတ်သက်လို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေခဲ့တာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ယခုနှစ်ကျင်းပမှုကို ပိတ်ပင်ဖို့ရှိတယ်လို့ ကနဦး သတင်းတွေထွက်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ဘူးလို့ သိရပါတယ်။

ယခုနှစ်ကျင်းပမှုအတွက်တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ခွေးသားရောင်းချသူတွေအကြား ဆိုင်တစ်ဆိုင်ကို ခွေးနှစ်ကောင်သာ ရောင်းချရမယ်ဆိုတဲ့သဘောတူညီချက် ရထားခဲ့တယ်လို့လည်း တိရိစ္ဆာန်အခွင့်အရေး စောင့်ရှောက်သူတွေက ပြောပါတယ်။

ဒါပေမယ့်လည်း ယင်းမြို့က နန်ချောင်ဈေးမှာတော့ တစ်ချို့ဆိုင်တွေမှာ ခွေးအကောင်ရေ မြောက်မြားစွာ ချိတ်ဆွဲရောင်းချနေတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ယခုပွဲကျင်းပချိန်မှာတော့ အဆိုပါဈေးတစ်ဝိုက် လုံခြုံရေး ထူထူထပ်ထပ် ချထားတယ်လို့လည်း သိရပါတယ်။

" ဒီ ခွေးသားရောင်းချမှုအပေါ် ပိတ်ပင်တာမျိုး မရှိခဲ့တာကြောင့် ဒီပွဲက ဆက်ရှိနေခဲ့တာပါ၊ ဒါပေမယ့် ခုနှစ်ပွဲကတော့ အရင်နှစ်တွေနဲ့ စာရင် သေးသွားတာကိုလည်း တွေ့ရပါတယ်" လို့ တိရိစ္ဆာန်အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့ Animals Asia က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Irene Feng က ပြောပါတယ်။

တရုတ်တို့ရဲ့ ခွေးသားစားပွဲတော်အတွင်း နှစ်စဉ်နှစ်တိုင်း ထောင်နဲ့ချီတဲ့ ခွေးတွေ သတ်ဖြတ်ခံနေရလျက်ရှိပြီး တက်ကြွလှုပ်ရှားသူတွေကတော့ ဒါဟာလူမဆန်တဲ့ ရက်စက်မှုလုပ်ရပ်လို့ သမုတ်ထားကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly