ငြိမ်းချမ်းရေး ဆွေးနွေးသံကြားက ရင်ခွင်ပိုက် ကလေးငယ်မိခင် နန်းပေါဝ်းဟွမ်

21 June 2017
ငြိမ်းချမ်းရေး ဆွေးနွေးသံကြားက ရင်ခွင်ပိုက် ကလေးငယ်မိခင် နန်းပေါဝ်းဟွမ်

မြန်မာ့ငြိမ်းချမ်းရေး ခရီးစဉ်ရဲ့ နောက်ထပ် ခြေလှမ်းတစ်ခုပါ။ ခြောက်လသားအရွယ် သားလေးကို ရင်ခွင်ပိုက်လို့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့ အမျိုးသမီးတစ်ဦးကို ထူးထူးရှားရှား တွေ့ကြရမှာပါ။ သူကတော့ နိုင်ငံရေး အစုအဖွဲ့ကနေ တက်ရောက်လာခဲ့တဲ့ ရှမ်းတိုင်းရင်းသူ နန်းပေါဝ်းဟွမ်ပါ။ ဒီညီလာခံကို နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနိုင်ဖို့အတွက် အထောက်အကူဖွဲ့ထဲမှာ ပါဝင်လှုပ်ရှားပေးဖို့ ရောက်လာတာပါ။

နိုင်ငံရေပါတီ အစုအဖွဲ့ကပါ။ ဒါပေမယ့် အမက ပါတီထဲကတော့ မဟုတ်ဘူး အပြင်က Organization တစ်ခုမှာလုပ်တယ်။ ဒါပေမယ့် နိုင်ငံရေးပါတီ အစုအဖွဲ့ကို အဓိက ပံ့ပိုးပေးဖို့ ရောက်လာခြင်း   ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အမက Freedom Conference တစ်ယောက်အနေနဲ့ ပါဝင်ပါတယ်။ 

သူဟာ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ ပါဝင် အားဖြည့်ပေးနိုင်ခဲ့တဲ့သူပါ။ အပစ်အခတ် ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးတဲ့အခါမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဘက်ကနေ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးခဲ့သလို အကြံပေးအဖွဲ့ထဲမှာလည်း ပါဝင်ပါတယ်။

အမအနေနဲ့ တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဒီငြိမ်းချမ်းမှုကို လိုချင်တယ်။ ပြီးလို့ရှိရင် တန်းတူညီမှုကို အရမ်းလိုချင်တယ် ဖြစ်လာနိုင်ဖို့ကို တွန်းပို့ရမှာက ကျွန်မတို့ရဲ့ တာဝန်တစ်ရပ်လို့လည်း မြင်တယ်။

သူဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ဒီလို မငြိမ်းချမ်းတဲ့ ဒေသတစ်ခုကနေ လာခဲ့သူဖြစ်လို့ ငြိမ်းချမ်းရေးကို ပြင်းပြင်းပြပြ လိုချင်ပါတယ်။ ဒါကြောင့်လည်း နို့ချို တိုက်ကျွေးနေစဲ သားလေးကိုခေါ်ပြီး ဒီညီလာခံအတွက် အထောက်အကူပြု အဖွဲ့ကနေ ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်ဆိုတာ အသိပါ။

ပထမဦးဆုံး မလာခင်မှာ အဲဒီလိုမျိုးစိတ်က ဒွိဟဖြစ်နေတယ်။ သွားရင်ကောင်းမလား မသွားရင်ကောင်းမလား သွားလို့ရှိရင် ကလေးအတွက် အဆင်ပြေပါ့မလား ဘယ်လိုလုပ်ရမလဲ အဲလိုမျိုး မေးခွန်းတွေတော့ အများကြီး ထုတ်ခဲ့တယ်ပေါ့။ ဒါပေမယ့် သွားမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ပြီးတော့မှ လာခဲ့တယ်။ လာခဲ့တော့ တကယ်တော့ အခက်အခဲတွေဆိုတာတော့ ရှိတော့ရှိတာပေါ့။ ဒါပေမယ့် ဒါတွေက ကိုယ်လုပ်နိုင်တယ် အခက်အခဲတွေကို တခြားနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုပြီတော့ လာခဲ့တာပါ။ အမအမျိုးသားက အမ ဒီအထဲမှာ ပါဝင်တာကို အများကြီး အားပေးတယ်။ လိုတဲ့အကူအညီတွေကိုလည်း သူ အများကြီးပေးတယ်။ အားပေးမှုတွေလည်း အများကြီး ပေးခဲ့ပါတယ်။ ပြီးတော့ နောက်တစ်ခုကကျတော့ အဓိက ပံ့ပိုးပေးတဲ့အဖွဲ့အစည်း အမ ဒီအထဲမှာ ပါဝင်ခြင်းအားဖြင့် အမျိုးသမီးတစ်ယောက်အနေနဲ့ ပြီးတော့ မိခင်တစ်ယောက်အနေနဲ့ ဒီ ဖြစ်စဉ်ထဲမှာ ပါဝင်တာ လုပ်နေတာကို အရမ်းကို ဂုဏ်ယူတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ရက်ရက်ရောရောနဲ့ ပံ့ပိုးမှုတွေရှိတယ်။ အခု ဒီဆွေးနွေးပွဲကို လာတက်တဲ့အချိန်ကျတော့ ပြောမယ်ဆိုရင် ဒါ နိုင်ငံရေးပါတီ အစုအဖွဲ့နဲ့လာတာ ဒီနိုင်ငံရေးပါတီတွေကိုယ်တိုင်ကလည်း ကိုယ့်ကို လိုလိုလားလား လာပါ ကူညီပါ အဲလိုမျိုးနဲ့ အတူတူ လက်တွဲလာတာပါ။

အမျိုးသမီးတွေအနေနဲ့ မီးဖွားပြီးတဲ့အခါ လုပ်ငန်းခွင်ထဲမှ ထွက်ခွာလိုက်ရတာတွေ ခေတ္တ နားလိုက်ရတာတွေကို ရင်ဆိုင်ကြရပါတယ်။ သားအတွက် မိခင်တစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်နဲ့ လုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းတွေက ဘယ်လောက်ပဲ ပံ့ပိုးပေးနေပါစေ ကလေးငယ်အတွက် စဉ်းစားပြီး စိုးရိမ် ပူပန်ရတာကလည်း အမျိုးသမီးတွေအတွက် စိန်ခေါ်မှု တစ်ခုပါပဲ။

တကယ်လို့ အခန်းတစ်ခုနဲ့ ကလေးတွေကို ထားနိုင်မယ်ဆိုရင်တော့ အဆင်ပြေတာပေါ့နော်။ နောက်တော့ ပြောလို့မရဘူးလေနော် တခြား အထောက်အကူပြုသူတွေ အခြား ကိုယ်စားလှယ်တွေက ကလေး ရှိခဲ့သည်ရှိသော် အဲလိုမျိုး ကလေးတွေ ထားဖို့ အခန်းတွေ ထားပေးခြင်းအားဖြင့် အမျိုးသမီးတွေ ပါဝင်မှုကို ပိုပြီးတော့မှ စိတ်အားထက်သန်စေပါတယ်။ အမျိုးသမီးတွေက ကလေးရှိနေပြီ သွားလို့ အဆင်မပြေတော့ဘူးလို့ တွေဝေနေမယ့်အစား ဟိုမှာ Supporting ရှိတယ် သွားလို့ရတယ် ဘာမှမဖြစ်ဘူး ဘာမှ စိတ်ပူစရာမရှိဘူးဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့ ပိုပြီးတော့ ကောင်းတယ်ပေါ့။

ခြောက်လသာရှိသေးတဲ့ သားလေးကို ၂ နာရီခြားတစ်ခါ နို့တိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ အလုပ်တွေလည်း မလစ်ဟင်းရအောင် လုပ်နေရသလို သားလေးအတွက်လည်း ပြေားလွှားနေရတဲ့ သူမဟာ ငြိမ်းချမ်းရေး ညီလာခံကနေ စစ်ဘေးဒဏ် ခံနေရတဲ့ အမျိုးသမီးတွေ ကလေးငယ်တွေအတွက် ဖြစ်ချင်တဲ့ ရင်ထဲက ဆန္ဒတွေကို ပြောပြခဲ့ပါတယ်။

ဖြစ်ချင်တဲ့ဟာကို ပြောရမယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်ကလည်း ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲမှာ ပါဝင်လာနိုင်ဖို့အတွက်ကတော့ တော်တော်တော့ ခရီးဝေးတယ်လေ။ နည်းနည်းတော့ အလှမ်းဝေးတယ်။ အဲလိုမျိုး အလှမ်းဝေးတဲ့အတွက်ကြောင့်မိုလို့ ဒီ ငြိမ်းချမ်းရေးထဲမှာပါတဲ့ ခေါင်းဆောင်အမျိုးသားတွေရော ခေါင်းဆောင် အမျိုးသမီးတွေရော ဒီအကြောင်းတွေကို များများ ထည့်ပြောပေးဖို့ တစ်ခုခုကို ဆွေးနွေးတော့မယ်ဆိုရင် ရှုထောင့်အမျိုးမျိုးကနေ ဆွေးနွေးပေးဖို့ပေါ့။ ပညာရေးတို့ ဆွေးနွေးမယ်ဆိုလို့ရှိရင် အမျိုးသမီးအတွက် အထူးအခွင့်အရေး ဘယ်လိုလုပ်မလဲ ကလေးအတွက် အထူးအခွင့်အရေး ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေကို ထည့်ပြီးတော့ ဆွေးနွေးပေးဖို့ပေါ့ အဓိက အမျိုးသမီးအတွက်ဆိုတဲ့ ခေါင်းစဉ်မျိုး မဟုတ်ဘဲနဲ့ အကြောင်းအရာပေါ် ဆွေးနွေးတဲ့ ဖြစ်စဉ်အပေါ် ဒီ စစ်ပွဲဒဏ် ခံနေရတဲ့ ကလေးတွေနဲ့ မိခင်တွေနဲ့ ပြီးလို့ရှိရင် အကုန်လုံးပေါ့နော် ဆွေးနွေးပေးနေမယ်ဆိုလို့ရှိရင် အရမ်း ကောင်းမွန်ပါလိမ့်မယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ခြောက်လအရွယ် သားလေးနဲ့အတူ ပါဝင်အားဖြည့်ပေးနေတဲ့ နန်းပေါဝ်းဟွမ်ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာလည်း ရာနှုန်းပြည့် ယုံကြည့်သွားပါတယ်။ ထို့အတူပါပဲ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့အတွက် ပြည်တွင်းစစ်တွေ ပြီးဆုံးသွားဖို့အတွက် စစ်ပေးစစ်ဒဏ် ခံနေရတဲ့ ပြည်သူအပေါင်း မြောက်များစွာရဲ့ ဒုက္ခတွေ အဆုံးသတ်သွားနိုင်ဖို့အတွက် နှစ်ပေါင်း ၆၀ ကျော် ပစ်လာခဲ့ကြတဲ့ ပြည်တွင်း ပဋိပက္ခကြီးကို စားပွဲခုံပေါ်မှာ မျက်နှာချင်းဆိုင် ဆွေးနွေး အဖြေရှာကြတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာတော့ သားလေးကို နို့ချို တိုက်ကျွေးရင်း အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းအားကို သက်သေပြလို့ နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly