၂၀၁၆ ခုနှစ် မေလက ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုတစ်ခုကို ဇွန် ၂၆ရက်တွင် အမိန့်ချမည်

၂၀၁၆ ခုနှစ် မေလက ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုတစ်ခုကို ဇွန် ၂၆ရက်တွင် အမိန့်ချမည်
(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

ရန်ကုန်၊ ဇွန်လ ၂၁ ။           ။ ၂၀၁၆ခုနှစ် မေလတွင် တောင်ဒဂုံမြို့နယ်၌ ဖြစ်ပွားခဲ့သော ၅နှစ်၊ ၄လအရွယ် ကလေးငယ်အား ၁၈နှစ်အရွယ် အမျိုးသားမှ အဓမ္မပြုကျင့်ခဲ့သော အမှုအတွက် လာမည့် ဇွန်လ ၂၆ရက်တွင် တောင်ဒဂုံမြို့နယ်တရားရုံးက စီရင်ချက်အမိန့်ချမည်ဖြစ်သည်။

ယင်းသို့အမိန့်ချရာတွင် တရားမျှတမှု မရှိမည်ကို တရားလိုဘက်မှ စိုးရိမ်ပူပန်မှုများရှိနေသည်ဟု ဇွန်လ ၂၁ရက်က သတင်းစာရှင်းလင်းပွဲတွင် ယင်းအမှုကို အကူအညီပေးနေသည့် အခရာအဖွဲ့က တာဝန်ရှိသူများက ပြောသည်။

ယခုဖြစ်ပွားသော အမှုတွင် နောက်ဆုံးလျှောက်လဲချက်၌ စွပ်စွဲခံရသူဘက်မှ ရှေ့နေက ကလေး၏ ထွက်ဆိုချက်အရ စွပ်စွဲခံထားရသူက အမှုမှ ကွင်းလုံးကျွတ်လွတ်သင့်သည်ဟု လျှောက်လဲထားပြီး ထိုအချိန်၌ပင် ကလေးငယ်ကိုလည်း ယခုထွက်ဆိုချက်သည် ကလေးငယ်၏ အုပ်ထိန်းသူ အဖွားမှ သင်ပေးထားပါသလားဟု မေးမြန်းလိုက်သည့်အခါ ကလေးငယ်မှ ဟုတ်ပါသည်ဟု   ပြန်လည်ဖြေကြားလိုက်သည့်အပေါ်တွင် တရားလိုဘက်မှ စိုးရိမ်ခြင်းဖြစ်သည်ဟု အခရာ အဖွဲ့မှ ပြောပါသည်။

"၅နှစ်အရွယ်ကလေးကို တစ်ဖက်ရှေ့နေက လူကြီးတောင်မှ သူမေးတဲ့ စကားလုံးတွေကို နားမလည်ဘူး။ ဒီကလေးကို မေးတဲ့အခါမှာ ကျွန်တော်မြင်လိုက်တာကတော့ ကလေးက သူပြောတာမှန်သမျှ   ခေါင်းညိတ်နေတာကြီးပဲ မြင်ရတယ်။ ဘာမှ နားမလည်တဲ့ ကလေးကို မေးသွားတာ၊ ခွင့်ပြုသွားတာ ဒါက အလုပ်မဟုတ်ဘူး" ဟု ကလေးငယ်၏ အဖိုးဖြစ်သူ ဦးအေးကိုက ပြောသည်။

အမှုဖြစ်စဉ်သည် ၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ၌ အမှုစွပ်စွဲခံထားရသူ ဝေယံထွန်း အသက် ၁၈နှစ်က အသက် ၅နှစ်အရွယ်ကလေးကို ဆိုင်ကယ်နှင့် ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်က ကလေးငယ်သည် လူနှင့် ဆိုင်ကယ်ကို ပြပြီး ထွက်ဆိုနိုင်ခဲ့ကြောင်း၊ အမှုဖွင့်ပြီးအချိန်တွင် ရပ်ကွက်လူကြီးနှင့် စွပ်စွဲခံထားရသူဘက်မှ ဦးလေး အပါအဝင် အမျိုးသား (၉)ဦး နေအိမ်သို့ လာရောက်ညှိနှိုင်းမှုများ ရှိခဲ့ကြောင်း ကလေးငယ်၏ အုပ်ထိန်းသူ အဖွားက ပြောသည်။

စွပ်စွဲခံထားရသူကို ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားစွဲဆိုထားပြီး ၂၀၁၇ခုနှစ် ဇွန်လ ၂၆ရက်တွင် စီရင်ချက်ချမည်ဟု သိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly