စပိန်တွင်အခွန်ရှောင်ခဲ့သည်ဆိုခြင်းကို မော်ရင်ဟို ငြင်းဆန်

စပိန်တွင်အခွန်ရှောင်ခဲ့သည်ဆိုခြင်းကို မော်ရင်ဟို ငြင်းဆန်

ဇွန် ၂၁၊ မန်ချက်စတာ။           ။ အခွန်ရှောင်ခဲ့သည်ဟုစွပ်စွဲခံနေရသော်လည်း မည်သည့်စပိန်အမှုလိုက်ကမှ ဆက်သွယ်လာခြင်းမရှိဟု မော်ရင်ဟိုက ပြောသည်။

မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုသည် ၂၀၁၁ နှင့် ၂၀၁၂ တွင် ရီးယဲလ်မက်ဒရစ်နည်းပြအဖြစ်ရှိစဉ်က ပေါင် ၂ ဒသမ ၉၁ သန်း အခွန်ရှောင်ခဲ့သည်ဟုဆိုကာ စပိန်အရာရှိများ၏ စွဲချက်တင်ခြင်းကိုခံထားရသည်။

မော်ရင်ဟိုသည် ပုံရိပ်အသုံးပြုခမှ ရငွေကိုထုတ်ဖော်ပြောဆိုရန် ထိန်ချန်ထားခြင်းမှ အကျိုးဖြစ်ထွန်းခဲ့သည်ဟု အမှုလိုက်တစ်ဦးက အခိုင်အမာဆိုခဲ့သည်။

သို့သော် ပေါ်တူဂီလူမျိုးက ၎င်း၏အခွန်ကိစ္စမှာစစ်ဆေးပြီးဖြစ်ကြောင်းနှင့် ယင်းစွပ်စွဲမှုနှင့်ပတ်သက်ပြီး မည်သည့် အမှုလိုက်၊ အဖွဲ့စည်းထံမှ ကြားရခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

မော်ရင်ဟိုကိုယ်စားထုတ်ပြန်သည့်ကြေညာချက်တွင် “ဟိုဆေး မော်ရင်ဟိုဟာ သတင်းတွေမှာပါနေတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အသိပေးမှုကိုမှ လက်ခံရခြင်းမရှိသေးပါဘူး။

ဒီနေ့ထိကို စပိန်အခွန်အာဏာပိုင်တွေထံကလည်းကောင်း၊ တာဝန်ပေးခံထားရတဲ့ အမှုလိုက်တွေထံကလည်းကောင်း မော်ရင်ဟို သို့မဟုတ် အကြံပေးအဖွဲ့ထံ ဆက်သွယ်လာတာ မရှိသေးပါဘူး။

ဟိုဆေး မော်ရင်ဟိုဟာ စပိန်မှာ ၂၀၁၀ ဇွန်ကနေ ၂၀၁၃ မေ အထိနေထိုင်ခဲ့စဉ်အတွင်း ပျမ်းမျှအခွန်ထမ်းနှုန်း ၄၁ ရာခိုင်နှုန်း ကျော်၊ ငွေပမာဏအားဖြင့် ယူရို ၂၆ သန်းကျော်ပေးဆောင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာလည်း ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေအတွက် စပိန်အခွန်အာဏာပိုင်တွေရဲ့ တရားဝင်အဆိုပြုချက်တွေကို လက်ခံခဲ့ပြီး ၂၀၁၃ ခုနှစ်နဲ့ပတ်သက်ပြီးတော့လည်း သဘောတူညီမှုရတော့မယ့် အခြေအနေမှာရှိနေပါတယ်။

မော်ရင်ဟိုအနေနဲ့ တာဝန်သိစိတ်နဲ့အခွန်ပုံမှန်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့အထောက်အထားပါ အသိအမှတ်ပြုလက်မှတ်ကိုလည်း အခွန်ဌာနကတစ်ဆင့် စပိန်အစိုးရထံကနေ ရရှိပြီးဖြစ်ပါတယ်”ဟု ရေးသားထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags