အမှန်တကယ် အကျိုးရှိသော်လည်း လူအများ လက်လှမ်းမမီသေးသည့် အာဟာရဖြည့် ဆန်

အမှန်တကယ် အကျိုးရှိသော်လည်း လူအများ လက်လှမ်းမမီသေးသည့် အာဟာရဖြည့် ဆန်
ပုသိမ်မြို့ လယ်ယာလုပ်ငန်းခွင်တစ်ခု မြင်ကွင်း

ကန်ကြီးထောင့်၊ ပုသိမ် (Myanmar Now) ။            ။နိုင်ငံအတွင်း မိတ်ဆက်ခဲ့သည်မှာတစ်နှစ်ခွဲခန့် ရှိလာသည့် အာဟာရဖြည့်ဆန်၏ အကျိုးကျေးဇူးများကို သိနားလည်မှု အထိုက်အလျောက် ရှိလာသော်လည်းသမားရိုးကျဆန်များထက် ဈေးနှုန်းကြီး မြင့်နေမှုကြောင့် ထိရောက်မှု နည်းနေဆဲဖြစ်သည်ဟုအာဟာရဖြည့်ဆန် ထုတ်လုပ် ဖြန့်ဖြူးသူများနှင့် အထောက်အပံ့ပေးထားသည့် အဖွဲ့အစည်းတို့ကပြောကြားလိုက်သည်။

အာဟာရဖြည့်ဆန်ဆိုသည်မှာ သမားရိုးကျဆန်အစေ့ ၁ဝဝ လျှင် အာဟာရဖြည့်ဆန်စေ့ ၁-၂ အချိုးဖြင့် ရောမွှေထားခြင်းဖြစ်သည်။ အာဟာရဖြည့်ဆန်စေ့ကိုဆန်မှုန့်အခြေခံ၍ ဗီတာမင်နှင့် သတ္တု ဓာတ်တို့ကို အပူပေးပုံလောင်းသောနည်းဖြင့် ထည့်သွင်းပေါင်းစပ်ကာထုတ်လုပ်ရရှိသည်။ အသက်မွေး ဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT) ၏ ငွေကြေးအကူအညီဖြင့် အပြည်ပြည် ဆိုင်ရာ အင်န်ဂျီအို အဖွဲ့တစ်ဖွဲ့ဖြစ်သည့်Program for Appropriate Technology in Health (PATH) နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက   ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်သည်။

ရင်ဆိုင်ရသည့် အခက်အခဲ

ကန်ကြီးထောင့်မြို့နယ်ရှိ အောင်ပြည့်ဆန်စက်နှင့် ဧရာဝင်းဆန်စက်သည် PATH အဖွဲ့၏ နည်းပညာအကူအညီဖြင့် လိုအပ်သည့် စက်ပစ္စည်းများ တင်သွင်းကာ အာဟာရဖြည့်ဆန် ထုတ်လုပ်   ဖြန့်ဖြူးနေသော ဆန်စက်လုပ်ငန်းအနည်းငယ်ထဲတွင် ပါဝင်သည်။ ထိုဆန်စက်တို့၏ ပိုင်ရှင် ဦးမောင် မောင်ဇော်က အာဟာရဖြည့်ဆန် ရောင်းချရာတွင် ဗဟုသုတရှိသည့် ပညာတတ်လူတန်းစားများကို စည်းရုံးရသည်က ပိုမိုလွယ်ကူကြောင်း၊ အခြေခံလူတန်းစားများမှာ မူဈေးနှုန်းကွာဟခြင်း၊ အာဟာရ ဖြည့်ဆန်၏ အာနိသင်ပြမှု နှေးကွေးခြင်းတို့ကြောင့် ဝယ်ယူစားသုံးမှု နည်းနေသေးကြောင်းပြောသည်။

“အောက်ခြေမှာတော့ ဈေးနှုန်းပိုင်းဆိုင်ရာမှာတစ်ပြည်ကိုကျပ် ၁၅ဝ လောက် ဈေးကြီးသွားတာရယ်၊ (အာနိသင်ကိုသိရဖို့) ခြောက်လလောက် စောင့်ရမယ် ဆိုတာရယ်ကြောင့် … နည်းနည်းလေးလက်ဝင် တဲ့ သဘောမှာရှိပါတယ်”ဟု ဦးမောင်မောင်ဇော်က ပြောသည်။

အာဟာရဖြည့်ဆန်သည် လက်လီဈေးကွက်အတွင်းတစ်ပြည်လျှင် အနိမ့်ဆုံးကျပ် ၁,၈ဝဝ မှ အမြင့်ဆုံး ၂,၅ဝဝ အထိရှိနေသည်။ ထိုဆန်ကိုစားသုံးခြင်းကြောင့် ရရှိလာမည့် အဏုအာဟာရအသစ်   ပြန်လည်သိုလှောင်နိုင်မှု အကျိုးကျေးဇူး ဖြစ်ပေါ်လာရန် ရက်သတ္တနှစ်ပတ်မှ လေးလ၊ ခြောက်လခန့် အထိစောင့်ဆိုင်းရသည်ဟု PATH အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အာဟာရ ဖြည့်ဆန်မှာ သာမန်ဆန်များနှင့် ဈေးနှုန်းအနည်းငယ်သာ ကွာခြားပါက ပိုမိုရောင်းရနိုင်ခြေ ရှိသည်ဟုပုသိမ်မြို့ ရာမညရပ်ကွက်နေကုန်စုံဆိုင်ပိုင်ရှင် ဦးအောင်သက်ဦးကပြောသည်။

“စရောင်းခါစက ဈေးနှုန်းကလည်းကျပ် ၁,၄ဝဝ ဆိုတော့ တော်တော် ရောင်းရတယ်ဗျ။ နောက်ပိုင်းမှာ ၁,၈ဝဝ ဆိုတော့ ပြင်ပမှာပေါ်ဆန်းဆန်တွေကလည်းကျပ် ၁,၅ဝဝ-၁,၆ဝဝ-၁,၇ဝဝ အစားစားဖြစ်နေတော့ ဒီ ၁,၈ဝဝ ကိုတချို့ကလည်း မြင်ကြတယ်”ဟု၎င်းကပြောသည်။ ပုသိမ်မြို့ ကျောက်ငူရပ်မှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဆုမွန်ထက်က ၎င်း၏ဆိုင်တွင် လစဉ် လက်လီရောင်းရတဲ့ အာဟာရဖြည့်ဆန်ပမာဏမှာအိတ် ၃ဝ ခန့်ရှိသည်ဟုပြောသည်။

အားဖြည့်ဆန် ဘာကြောင့် လိုအပ်

မြန်မာသည် အဏုအာဟာရချို့တဲ့မှုအမြင့်မားဆုံးအာရှနိုင်ငံများထဲတွင် ပါဝင်ပြီးနိုင်ငံတွင်းကလေးငယ် သုံးဦးတွင်တစ်ဦးမှာအာဟာရချို့တဲ့လျက်ရှိကြောင်း၊ ကလေးငယ်စုစုပေါင်း၏ ၈ ရာခိုင်နှုန်း မှာ အဏုအာဟာရချို့တဲ့မှု ဝေဒနာကိုခံစားနေရကြောင်း ၂ဝ၁၅-၂ဝ၁၆ အတွင်းအမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)၊မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့ ပူးပေါင်းပြုလုပ်ခဲ့သည့်စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ အသက်ခြောက်လမှ ၂၃ လကြား ကလေးငယ်များ၏ ၄ဝ ရာခိုင်နှုန်းကျော်နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ၅ဝ ရာခိုင်နှုန်းကျော်မှာ   သွေးအားနည်းရောဂါကို ခံစားနေရသည်ဟု ထိုစစ်တမ်းကဆိုသည်။

အဏုအာဟာရချို့တဲ့မှု ဆိုသည်မှာကစီဓာတ်နှင့် အသားဓာတ်ချို့တဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန် ဆောင် မိခင်များတွင် ၎င်းဓာတ်များချို့တဲ့ပါက ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာကြီးထွား မှုတို့ကို ထိခိုက်စေနိုင်သည်ဟုဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ အာဟာရအဖွဲ့ ခေါင်းဆောင် ဒေါ်ဝေမာလွင်က ပြောသည်။

ထိုသို့ အာဟာရ ချို့တဲ့မှုဒဏ်ကိုခံစားနေကြရသူများထဲတွင် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအ ထန် ခံစားခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနေ ကလေးငယ်များလည်း အပါအဝင်ဖြစ်သည်။   ဒေသတွင်းငါးနှစ်အောက် ကလေးများ၏ သုညဒသမ ၂ ရာခိုင်နှုန်းမှာ အပြင်းအထန် အာဟာရချို့တဲ့ အဆင့်တွင်ရှိပြီး ၁ ဒသမ ၈ ရာခိုင်နှုန်းမှာအတော်အသင့် ချို့တဲ့အဆင့်တွင် ရှိသည်ဟု ဒေါ်ဝေမာ လွင်က ၎င်းတို့၏ ၂၀၁၆ ခုနှစ် သုတေသနစစ်တမ်းကို ကိုးကား၍ ပြောသည်။

“ကလေးတွေမှာ အာဟာရဓာတ်ချို့တဲ့တာကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကစပြီး နိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်နိုင်တာကြောင့် အလွန်အရေးပါပါတယ်။ အာဟာရဖြည့်ဆန် ဝယ်စားနိုင်ရင်တော့ အကောင်းဆုံးပေါ့”ဟု ၎င်းက မှတ်ချက်ပေးသည်။

ပုသိမ်မြို့၊ ကျောက်ငူရပ်ကွက်နေ ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းစိုးက အာဟာ ရဖြည့်ဆန်ကို ခြောက်လကျော် ဆက်တိုက် စားသုံးလာသူဖြစ်သည်။ “ပုံမှန်ဆန်က (နို့ဆီဗူး) သုံးလုံး လောက်ချက်မှ ကျွန်တော်တို့လေးယောက် ဗိုက်ဝတယ်။ အာဟာရဖြည့်ဆန်ကတော့ နှစ်လုံးချက် လောက်နဲ့တောင် လူလေးယောက်စားလို့ရပါတယ်။ ရိုးရိုးဆန်ကဗိုက်ပြန်ဆာတယ်။ ဒီဆန်ကတော့ အာဟာရဓာတ်ရှိလို့ထင်တယ် ဗိုက်ပြန်မဆာတော့ဘူး”ဟု ၎င်းကဆိုသည်။

PATH အဖွဲ့ အကူအညီဖြင့် အာဟာရဖြည့်ဆန်ကို ထုတ်လုပ်ရင်းကိုယ်တိုင်လည်း စားသုံးနေ သူ ပုသိမ်မြို့၊ ဦးချိုဆန်စက်မှ ပိုင်ရှင် ဦးမျိုးဝေသည် ထိုဆန်ကို အောက်ခြေလူတန်းစားကလေးငယ် များ စားသုံးနိုင်ရန်အတွက် အားကြိုးမာန်တက်ရှိသူဖြစ်သည်။ သူကမြန်မာကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံအတွက် အာဟာရဖြည့်ဆန်ကဲ့သို့သောဗီတာမင်ဓာတ်ဖြည့်စွက် စီမံကိန်းမျိုးမှာ နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးနှင့် ပါဆက်စပ်နေသည်ဟု ယုံကြည်သူဖြစ်သည်။

“ဥရောပနဲ့ အာရှကဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာရှိတဲ့ကလေးတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ နိုင်ငံက ကလေးတွေက ညှက်နေပြီးတော့ ဉာဏ်ရည်လည်းသူတို့လောက် မပွင့်ဘူး”ဟု ၇၅ နှစ်ရှိပြီဖြစ်သည့် ၎င်းက ဆိုသည်။ ဈေနှုန်းကြီးမြင့်နေရခြင်းမှာအဓိကကုန်ကြမ်းပစ္စည်းဖြစ်သည့် သာမန်ဆန်နှင့်ရောစပ် ရသည့် ဗီတာမင်ဆန်၏ ဈေးနှုန်း မြင့်တက်မှုကြောင့် ဖြစ်သည်ဟု၎င်းကပြောသည်။

ဈေးကွက် အလားအလာ

တစ်ကီလို နှစ်ဒေါ်လာပေါက်ဈေးရှိသောအာဟာရဆန်တစ်ဒေါ်လာအောက်သို့ ရောက်ရှိမှသာ သမားရိုးကျဆန်များနှင့် ဈေးနှုန်းများစွာကွာဟမှုမရှိဘဲ ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ PATH အဖွဲ့က အာဟာရဆန်တောင့် တစ်တန်ခန့် ထောက်ပံ့နေခြင်းကြောင့် သာမန်ဆန်နှင့် ဈေးနှုန်းပိုင်းများစွာ ကွာဟမှု မရှိခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ မိမိဘာသာ ဝယ်ယူတင်သွင်းရသည့် အခါတွင် အာဟာ ရဖြည့်ဆန် တစ်ပြည်၏ ဈေးနှုန်းမှာအနိမ့်ဆုံးကျပ် ၂,ဝဝဝ ကျော်အထိ မြင့်တက်သွားနိုင်ကြောင်း ဆန်စက်ပိုင်ရှင် ဦးမျိုးဝေက ခန့်မှန်းသည်။

“PATH အနေနဲ့ တကယ်တန်းကူညီမယ်ဆိုရင် အာဟာရဖြည့်ဆန်အတွက် လိုအပ်တဲ့ ဗီတာ မင်ဆန် … အဲဒါကိုတစ်ဆင့်ဝယ်ရတယ်။ အဲဒါကိုဈေးလျှော့ပေးပါ”ဟု ၎င်းက တောင်းဆိုလိုက်သည်။

PATH အဖွဲ့၏ အာဟာရဖြည့်ဆန် စီမံကိန်း ဒါရိုက်တာ ဒေါက်တာမျိုးမြင့်အောင်ကမူ စိတ်ရှည်သူ ဖြစ်သည်။

အာဟာရဖြည့်ဆန်ကို အခြေခံလူတန်းစားများ လက်လှမ်းမီရန်မှာ ခက်ခဲနေဦးမည်ဖြစ်ကြောင်း၊ လုပ်ငန်းစတင် လုပ်ဆောင်နေသည့် အချိန်ဖြစ်ခြင်းကြောင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် ၁၅ တန်မှ တန် ၂ဝ ခန့်သာ ရောင်းချနိုင်သေးပြီး အခြေခံလူတန်းစားများ လက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ ရန် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း အဏုအာဟာရချို့တဲ့မှုကို ကမ္ဘာပေါ်ရှိ လူဦးရေသန်း ၂,ဝဝဝ ခန့် ခံစားနေရပြီး ထိုအချိုးအစားမှာ လူသုံးဦးလျှင် နှစ်ဦး ခံစားနေရခြင်းဖြစ်ခြင်းကြောင့် အာဟာရဖြည့်ဆန်ကို လူတိုင်း စားသုံးရန် သင့်တော်သည်ဟု သူက ထောက်ပြသည်။

“ချမ်းသာတဲ့လူတွေနဲ့ လူလတ်တန်းစားတွေမှာလည်း အစားအသောက်ကို အာဟာရပြည့် အောင် အချိုးအစား မျှတအောင်မစားနိုင်တဲ့ အတွက်ကြောင့် … အားဖြည့်ဆန်က လူတိုင်းအတွက် တော့ စားလို့ရတယ်။ ရောင်းတာကလည်းအားလုံးကိုဦးတည်ပြီးတော့လုပ်တဲ့ သဘောပေါ့”ဟု ၎င်းကပြောသည်။

အားဖြည့်ဆန်သုံးအခမဲ့နေ့လယ်စာ

ဝါရှင်တန် အခြေစိုက် PATH အဖွဲ့မှာ ဘရာဇီး၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးကိုအာဟာရဖြည့်ဆန် မိတ်ဆက်ရန် ပံ့ပိုးကူညီပေးခဲ့သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ကျန်းမာရေးအခန်းကဏ္ဍ မြှင့်တင်ရန်အတွက် အခြေခံအစားအစာကို အာဟာရဖြည့်ရေး အဓိကထား အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အာဟာရဖြည့်ဆန်ကို မြန်မာပြည်တွင်းဖြစ်ဆန်နှင့် စင်ကာပူအခြေစိုက် DSM ကုမ္ပဏီက ဝယ်ယူ တင်သွင်းသော အဏုအာဟာရမှုန့်တို့ကိုအသုံးပြုကာထုတ်လုပ်လျက်ရှိကြောင်း၊ PATH အဖွဲ့သည် လိုအပ်သော စက်ပစ္စည်းများ ဝယ်ယူတင်သွင်းခြင်းအတွက် နည်းပညာပံ့ပိုးပေးခဲ့ပြီး အာဟာ ရ ဖြည့်ဆန်စေ့ ထုတ်လုပ်တတ်စေရန်နှင့် သမားရိုးကျဆန်နှင့် ရောမွှေတတ်စေရန်အတွက် မြန်မာပြည် တွင်း ကုမ္ပဏီများကိုသင်တန်းပေးထားကြောင်းယင်းအဖွဲ့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထား သည်။

အာဟာရဖြည့်ဆန် လုပ်ငန်းကိုစိတ်ဝင်စားသည့် ဆန်စက်များကို PATH အဖွဲ့ကအားဖြည့် ဆန်နှင့် သာမန်ဆန်များရောနှောပေးသည့် စက်များကိုထောက်ပံ့ပေးလျက်ရှိသည်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်းပုသိမ်မှ ဦးချိုဆန်စက်၊ ကန်ကြီးထောင့်မှ အောင်ပြည့်ဆန်စက်၊ MAPCO က ထူထောင်ထားသည့် ကျိုက်လတ်မှ ဆန်စက် သုံးလုံးကိုစက်ပစ္စည်းများထောက်ပံ့ပေးထားသည်။

ဧရာဝတီတိုင်းဒေသကြီး လက်လုပ်လက်စားများအတွက် တန်ဖိုးသင့်ညစာ ဖန်တီးရှင် ဒေါက်တာ ဦးနန္ဒဝင်းကအင်္ဂပူမြို့နယ်စာသင်ကျောင်းတချို့ရှိ နွမ်းပါးသည့် ကလေး ၁၉၆ ဦးအတွက် ထမင်းချိုင့်အခမဲ့ပို့ပေးနေသည်မှာတစ်နှစ်ကျော်ပြီဖြစ်သည်။ ထိုကလေးများအတွက် နေ့လယ်စာအ တွက် အဟာရဖြည့်ဆန်ကိုအသုံးပြုသည်ဟုသူကပြောသည်။

"ကလေးတွေက ကျောင်းတက်ရတာ ပိုပျော်လာပြီး တက်ကြွလာတယ်။ ပိုပြီးလည်း ကျန်းမာ သန်စွမ်းလာကြပါတယ်။ ဒါပေမယ့်လည်း အဲဒါသည် အားဖြည့်ဆန်ကြောင့်ပဲ သေချာပေါက် ဖြစ်သ လားဆိုတာ ပြောနိုင်ဖို့အတွက် သုတေသန အထောက်အပံ့တွေ မရသေးပါဘူး" ဟု နေဖြစ်မယ့်လ ပရဟိတအဖွဲ့၏ ဦးဆောင်သူ ဒေါက်တာ ဦးနန္ဒဝင်းက ပြောသည်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly