၀န်ကြီးချုပ်၏ ဘဏ်စာရင်းထဲမှငွေများမှာ နိုင်ငံတော်ငွေနှင့် ဆက်နွယ်မှုမရှိဟု မလေးရှား လာဘ်စားမှု တိုက်ဖျက်ရေးအေဂျင်စီပြောကြား

၀န်ကြီးချုပ်၏ ဘဏ်စာရင်းထဲမှငွေများမှာ နိုင်ငံတော်ငွေနှင့် ဆက်နွယ်မှုမရှိဟု မလေးရှား လာဘ်စားမှု တိုက်ဖျက်ရေးအေဂျင်စီပြောကြား

ကွာလာလမ်ပူ၊ သြဂုတ်-၄ ။     ။ ဝန်ကြီးချုပ်၏ ကိုယ်ပိုင်ဘဏ်စာရင်းများထဲသို့ စီးဝင်သွားခဲ့သည့် ကန်ဒေါ်လာ သန်း ၇၀၀ နီးပါးမှာ အလှူရှင်များထံမှ လာခြင်းဖြစ်ပြီး လက်ရှိ အုတ်အော်သောင်း သင်းဖြစ်နေ သည့် အရှုပ်တော်ပုံနှင့် ဆက်နွယ်မှုမရှိကြောင်း မလေးရှား၏ လာဘ်စားမှုတိုက်ဖျက်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် နာဂျစ် ရာဇက်မှာ ၎င်းနှင့် အချိတ်အဆက်ရှိသည့် နိုင်ငံပိုင်ကုမ္ပဏီမှ ဒေါ်လာသန်း ရာပေါင်းများစွာကို တရားမဝင်လွှဲယူခဲ့သည်ဟု စွပ်စွဲထားသည့် ဖော်ပြချက်များဖြင့် ယမန်နှစ်ကတည်း ကမြင့်တက်လာနေသည့် ဖိအားများကို ရင်ဆိုင်လာခဲ့ရသည်။

ကန်ဒေါ်လာ သန်း၇၀၀နီးပါးမှာ ဝန်ကြီးချုပ်၏ ကိုယ်ပိုင်ဘဏ်စာရင်းများထဲသို့ ဝင်ရောက်သွားသည်ကို မလေးရှားအစိုးရ စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ကြောင်း Wall Street ဂျာနယ်က လွန်ခဲ့သည့် လက သတင်းပို့ခဲ့သည်။

သြဂုတ်လ ၃ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင်လည်း ရံပုံငွေများမှာ မစ္စတာနာဂျစ်၏ ဘဏ်စာရင်းများထဲသို့ လွှဲပို့ထားသည်မှန်သော်လည်း 1 Malaysia Development Berhad (1MDB)ကုမ္ပဏီနှင့် မပတ်သက်ကြောင်း ပြောကြားခဲ့သည်။

''စုံစမ်းစစ်ဆေးမှုတွေအရ နာဂျစ်ရဲ့ ဘဏ်စာရင်းထဲ ရောက်သွားတယ်လို့ စွပ်စွဲနေတဲ့ ရင်းဂစ် ၂.၆ဘီလျံ (ကန်ဒေါ်လာ သန်း၆၇၀)ဟာ အလှူရှင်တွေရဲ့ ထည့်ဝင်မှုလှူဒါန်းမှုတွေပါ 1MDBက ငွေတွေ မဟုတ်ပါဘူး''ဟု အဆိုပါကြေညာချက်တွင် ပြောကြားထားသည်။ သို့ရာတွင် အလှူရှင်များ မည်သူမည်ဝါဆိုသည်ကိုမူ ကြေညာခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု သာပြော ကြားခဲ့သည်။  

ဝန်ကြီးချုပ် နာဂျစ် ရာဇက်နှင့် 2009ခုနှစ်က စတင်ထူထောင်လည်ပတ်ခဲ့သည့် နိုင်ငံပိုင် 1MDBတို့ကမူ မည်သို့သောမသမာမှုမျှ မကျူးလွန်ကြောင်း အခိုင်အမာငြင်းဆိုထားပြီး နိုင်ငံရေးအတိုက်အခံများက သူ့ကိုဖြုတ်ချရန် ပူးပေါင်းကြံစည်မှုသာဖြစ်သည်ဟုလည်း မစ္စတာနာဂျစ်က ပြောကြားခဲ့သည်။

သို့ရာတွင် လာဘ်စားမှုတိုက်ဖျက်ရေးအေဂျင်စီ၏ ကြေညာချက်နှင့် ပတ်သက်၍ အစိုးရက အမှန်တရားကို ဖုံးကွယ်ရန်ကြိုးစားနေသည်ဟု အတိုက်အခံများက ဝေဖန်နေကြသည်။

''ဒီလာဘ်စားမှု တိုက်ဖျက်ရေးအေဂျင်စီ ရဲ့ကြေညာချက်က နာဂျစ်ကို မသမာမှုကင်းရှင်းတယ်လို့ဖြစ်အောင် ခင်းကျင်းနေတယ်ဆိုတာ သေချာပါတယ်''ဟု အတိုက်အခံ People's Justice Party မှ လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ရာဖီဇီ ရမ်လီက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အလှူငွေတွေရဲ့ အရင်းမြစ်နဲ့ အလှူငွေတွေက ဘာအတွက်ဆိုတာကို လူထုက သိချင်နေပါတယ်ဟုလည်း ရာဖီဇီက ထပ်လောင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ် နာဂျစ်ရာဇက်က ပြီးခဲ့သည့်ရက်သတ္တပတ်က 1MDB ကိစ္စကို ရှင်းလင်းဖြေကြားရန် တောင်းဆိုခဲ့ကြသည့် ဒုဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်နှင့် အခြားအစိုးရအဖွဲ့ဝင်များကို ရာထူးမှ ထုတ်ပယ် ခဲ့ပြီး စွပ်စွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေသည့် ရှေ့နေချုပ်ကိုလည်း ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်။

မလေးရှားနိုင်ငံတွင် ၅၈နှစ်တိုင်တိုင် အာဏာရယူလာနိုင်ခဲ့သည့် အမျိုးသားတပ်ဦး (Barisan Nasional)ညွှန့်ပေါင်းပါတီမှာ ပိုမိုကြီးမားသော ဒီမိုကရေစီအခွင့်အရေးများနှင့် ခြစားမှုကို အဆုံးသတ်လိုနေ ကြသော မဲဆန္ဒရှင်များကြားတွင် မကြာသေးမီက ရွေးကောက်ပွဲများအတွင်း နေရာပျောက်လာနေခဲ့သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly