မုံရွာ၌ စွန့်ပစ်ထားခဲ့သော မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်ကို ရဲစုံစမ်း

မုံရွာ၌ စွန့်ပစ်ထားခဲ့သော မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်ကို ရဲစုံစမ်း

မုံရွာ၊ ဇွန် ၂၀ ။           ။ ဇွန်လ ၁၉ ရက်နေ့က မုံရွာမြို့၊ ထန်းတောရပ်ကွက်အမှိုက်ပုံပေါ်တွင် စွန့်ပစ်ခဲ့သော မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်အား စုံစမ်းလျက်ရှိကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲအောင်က ပြောသည်။

"လုံခြုံရေးဘက်ကကြည့်ရင် မလုံခြုံတော့ဘူးလို့ သက်ရောက်နေပါတယ်။ ကျနော့်ရဲ့နယ်မြေက လူငယ်လူရွယ်တွေအတွက်လည်း စိုးရိမ်မိပါတယ်။ ရဲလုပ်ငန်းနဲ့ ပြောရရင်တော့ ကြိုတင်ကာကွယ်ခြင်းကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တရားခံကို အမြန်ဆုံးပေါ်အောင်စုံစမ်းသွားပါ့မယ်။" ဟု မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲအောင်က ပြောသည်။

မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ အမှိုက်ပုံပေါ်တွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပြီး နေရာ ၉ နေရာခွဲကာ သိမ်းဆည်းရခဲ့ခြင်းဖြစ်သည်။

တွေ့ရှိသော မူးယစ်ဆေးဝါးများတွင် 88 နှင့် 1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀၀)ပြား၊ အလေးချိန် (၁၀၀၀၀)ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း (၅၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြားများ နှင့် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့် (၁၀၇၁)ထုတ်၊ကာလတန်ဖိုး (၁၁၇၈၁) ကျပ်အား သိမ်းဆည်းမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်အား မုံရွာနယ်မြေရဲစခန်း မယ(ပ)၅/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly