ဒုက္ခသည်များ နှင့် ရွှေ့ပြောင်းလုပ်သားများအပါအဝင် အိမ်ပိုင်မရှိသူများအတွက် ရန်ကုန်၌ မြို့သစ်စီမံကိန်းတစ်ခု စီစဉ်နေ

ဒုက္ခသည်များ နှင့် ရွှေ့ပြောင်းလုပ်သားများအပါအဝင် အိမ်ပိုင်မရှိသူများအတွက် ရန်ကုန်၌ မြို့သစ်စီမံကိန်းတစ်ခု စီစဉ်နေ
ယခင်အစိုးရလက်ထက်တွင် ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ရန် လျာထားထားသည့် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တွံတေးတံတားအနီး နေရာတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ)

ရန်ကုန်၊ ဇွန် ၂၀ ။            ။ ရန်ကုန်မြို့အနောက်တောင်ဘက်တွင် မြေ၊ အိမ်ယာ အပိုင်မရှိသည့် အစိုးရ နှင့် ပုဂ္ဂလိက ဝန်ထမ်းများ၊ နယ်စပ်ဒေသနေပြန်လာမည့် ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများ အတွက် မြို့သစ်စီမံကိန်းတစ်ခုအကောင်အထည်ဖော်ရန်ရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ Orchid Hotel မှာပြုလုပ်ခဲ့သည့် "ကရင်ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ် စွန့်ခွာသူများရဲ့ စိုးရိမ်ပူပန်မှုများ" ခေါင်းစဉ်ဖြင့် ဇွန် ၂၀ရက်က ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်သတင်းစားရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်မြို့ရဲ့ မြို့သစ်စီမံကိန်းက ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်မှာဖြစ်ပါတယ်။ အနောက်တောင်ဘက်အခြမ်းမှာ ပြီးခဲ့တဲ့အစိုးရလက်ထက်ထဲက ဒါက မြေသိမ်းဥပဒေထုတ်ပြီးတော့ သိမ်းထားတဲ့မြေတွေပါ။ အဲ့ဒီ့မြေပေါ်မှာ အခုပြန်ပြီးတော့ စီမံကိန်းအသစ်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

အဆိုပါ မြို့သစ်စီမံကိန်းတွင် မြေ၊ အိမ်ယာ အပိုင်မရှိသည့် အစိုးရ နှင့် ပုဂ္ဂလိက ဝန်ထမ်းများ၊ နယ်စပ်ဒေသနေပြန်လာမည့် ဒုက္ခသည်များ၊ ရန်ကုန်တိုင်းအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများအတွက် ရန်ကုန်တိုင်းအတွင်းမှာ မြေဧက ၂၀၀၀ ကို အကောင်အထည်ဖော်သွားပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသင်ဇာမျိုးက    ပြောဆိုလိုက်ခြင်းဖြစ်သည်။

နယ်စပ်ဒေသမှ ပြန်လာမည့် ကရင်ဒုက္ခသည်များအနေဖြင့်လည်း ရန်ကုန်တိုင်းအတွင်း စီးပွားရေးလုပ်ဆောင်လိုပါက အဆိုပါ တိုင်းအစိုးရအဖွဲ့မှ မြို့သစ်စီမံကိန်းတွင် နေရာချထားပေးနိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း နော်ပန်းသဉ္ဖာမျိုးကပြောဆိုသည်။

သို့သော် မြို့သစ်စီမံကိန်း အသေးစိတ် အစီအစဉ်ကိုမူ ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

အဆိုပါ မြို့သစ်စီမံကိန်းမှာ အကောင်အထည်ဖော်ရမည့် အဆင့်တွင် ရောက်ရှိနေပြီးအချိန်တန်ပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly