သရုပ်ဆောင်ကျော်ကျော်ဗိုလ် တင်ဆက်သူအဖြစ် ဆောင်ရွက်မည့် ဥရောပ ၆ နိုင်ငံသို့ ခရီးသွားအစီအစဉ်

သရုပ်ဆောင်ကျော်ကျော်ဗိုလ် တင်ဆက်သူအဖြစ် ဆောင်ရွက်မည့် ဥရောပ ၆ နိုင်ငံသို့ ခရီးသွားအစီအစဉ်

ရန်ကုန်၊ ဇွန် ၂၀ ။             ။ သရုပ်ဆောင်ကျော်ကျော်ဗိုလ် တင်ဆက်သူ အဖြစ်ပါဝင်မည့် Ride on Europe ခေါင်းစဉ်ဖြင့် ဥရောပ ၆ နိုင်ငံသို့ ခရီးသွားမည့် အစီအစဉ်တစ်ခုကို Passionate Traveler အဖွဲ့နှင့် ပူးပေါင်း ရိုက်ကူးမည်ဖြစ်သည်။

Ride on Europe ခရီးစဉ် အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ ၁၉ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပ ပြုလုပ် ခဲ့သည်။
 
Ride on Europe ခရီးစဉ်သည် Story Book Entertainment မှ စီစဉ် ရိုက်ကူးသည့် သရုပ်ဆောင် ကျော်ကျော်ဗိုလ် အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင်သည့် Ride On Myanmar Documentary အစီအစဉ်မှ ခွဲထွက်လာသည့် ခရီးစဉ် တစ်ခုလည်း ဖြစ်သည်။
 
Ride On Europe ခရီးစဉ် ကို ဒါရိုက်တာ သည်ခေတ်နေမှ ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင် ကျော်ကျော်ဗိုလ် နှင့်အတူ သရုပ်ဆောင် မာရီကိုးလ်လည်း လိုက်ပါမည်ဖြစ်သည်။ ထိုခရီးစဉ်ကို ဇွန်လ ၂၄ ရက် မှ စတင်ပြီး သွားရောက် ရိုက်ကူးမည်ဖြစ်ပြီး MNTV ရုပ်သံလိုင်း နှင့် Channel -9 တို့တွင် အပတ်စဉ် ပြသမည်ဟု သိရသည်။
 
"Ride on Europe" ပထမဆုံး ခရီးစဉ်အဖြစ် ဥရောပ အရှေ့ပိုင်းကို ရွေးချယ်ထားပြီး Passionate Traveller Travel & Tours နှင့် Qatar airways တို့မှ ပူးပေါင်း ပါဝင်ပံ့ပိုးပေးထားကာ သွားရောက်လည်ပတ်မည့် နိုင်ငံများမှာ Germany ၊ Czech ၊ Poland ၊ Hungary ၊ Slovakia နှင့် Austria တို့ ဖြစ်သည်။
 
ခရီးသွား ဝါသနာပါသူတွေအတွက် ရည်ရွယ်ပြီး ရသကောင်းများနှင့် အတူ ပြည်ပခရီးစဉ်၏ ကြိုတင်ပြင် ဆင်မှု၊ ရင်ခုန်စိတ် လှုပ်ရှားမှုတွေကို Ride On Europe ခရီးစဉ် ကြည့်ရှုမည့် ပရိသတ်များ တွေ့မြင်ရမည်ဟု ဆိုသည်။
 
ထို ခရီးစဉ်တွင် ဥရောပ ၆ နိုင်ငံကို အလည်အပတ် သွားရောက်ပြီး နိုင်ငံတစ်ခုချင်းဆီ၏ ဒေသထွက် အစားအစာများအကြောင်း၊ ရိုးရာယဉ်ကျေးမှုအကြောင်းများအပြင် အခြား စိတ်လှုပ်ရှားစရာတွေကိုလည်း ရိုက်ကူး တင်ဆက်သွားမည် ဖြစ်သည်။
 
Ride On Europe အစီအစဉ်ကို အောက်တိုဘာလမှ စတင်ပြီး mntv ရုပ်သံလိုင်းတွင် အပတ်စဉ် သောကြာနေ့ ည၇နာရီ၃၀မိနစ်တွင် ပြသမည်ဖြစ်ပြီး Channel -9 ရုပ်သံလိုင်းတွင် အပတ်စဉ် တနင်္ဂနွေနေ့ နေ့လည် ၁နာရီတွင် ပြသမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly