စာပေလင်းကွင်းသံများ

.

တစ်ရက်သား စာပေရုပ်သံလိုင်း တလိုင်းကို မောင်မှန် မထင်မှတ်ဘဲ ကြည့်ဖြစ်လိုက်တယ်။ မထင်မှတ်ဘဲဆိုတာက TV လိုင်းတွေကို ဟိုပြောင်း ဒီပြောင်း လျှောက်လုပ်နေရင်း စာပေလိုင်းရောက်တော့ စာရေးဆရာမ အန်တီမမကြီးတစ်ယောက် မျက်နှာတွေ့လိုက်ရာက သူခေါ်ဆောင်ရာ တန်းပါသွားတော့တာပါ။ ရည်ရွယ်ချက်မရှိပေမဲ့ မျက်နှာမြင်တာနဲ့ တန်းငြိပါသွားတဲ့ သဘောပါခင်ဗျာ။

အန်တီမမကြီးက သူ့ရဲ့ စာပေဖြတ်သန်းမှုတွေ၊ နိုင်ငံရေး ဖြတ်သန်းမှုတွေကို ကရားရေလွှတ်မက ဘုံပိုင်ရေးလွှတ် တတွတ်တွတ် လွှတ်ပါတယ်။ (ကရားရေလွှတ်ဆိုတာ ကရားထဲက ရေကုန်ရင် ကိစ္စပြတ်ပြီ၊ ဘုံပိုင်ရေကုန်ဖို့ဆိုတာကတော့ သိတဲ့အတိုင်းပဲ။ ပိတ်လိုက်မှ ရပ်တော့တာ၏)

 လောကမှာ အခက်ခဲဆုံးအရာဟာ ကိုယ်ဘယ်လိုတော်ကြောင်း၊ တတ်ကြောင်း၊ စိတ်သဘောကောင်းကြောင်း စတဲ့ အကောင်းတကာ့ အကောင်းတွေအကြောင်း လူပုံလယ်မှာ ထုတ်ဖော်ပြောကြားဝံ့တဲ့ အရည်အသွေး ရှိဖို့ပဲလို့ မောင်မှန် ထင်ပါတယ်။ ဒီအရည်အသွေး ကိုယ့်မှာရှိနေတယ်ထားဦး၊ ထုတ်ဖော်ဖို့ အခွင့်အလမ်းက ရှိဦးမှလေ။ အရည်အသွေးလည်းရှိ၊ အခွင့်အလမ်းလည်း ပေးမှ ကိုယ်ဘာဆိုတာ အများက သိခွင့်ရကြမှာ။ ဂလို အရည်အချင်းမျိုးဟာ မောင်မှန်နဲ့ အခြား အနည်းငယ်သော ပုဂ္ဂိုလ်များလောက်မှာပဲ ရှိမယ်လို့ ယူဆထားခဲ့တာ။ အခုတော့ ဒီစာရင်းမှာ အန်တီမမကြီးကိုပါ ထည့်ရတော့မှာ။ မောင်မှန်တို့နဲ့ ခြေရည်တူတစ်ယောက် တိုးလာပြီပေါ့ခင်ဗျာ။

အန်တီမမကြီးက သူ့စာအုပ်တွေ ဘယ်လိုကောင်းကြောင်း၊ အကြိမ်ကြိမ် ပြန်ရိုက်ရကြောင်း၊ မဖတ်ဖူးသူ အတော်ရှားမှာဖြစ်ကြောင်း၊ ပြောပါတယ်။ ဒီမှာတင် မောင်မှန် နည်းနည်း အကျပ်ရိုက်သွားပါတယ်။ အတော်ရှားတဲ့ မဖတ်ဖူးသူထဲမှာ မောင်မှန် ပါနေတာကိုး။ ဒီတော့ ရှားတဲ့ဖက်မပါဘဲ ပေါတဲ့ဖက် ပါသွားအောင် စာအုပ်ရှာဖတ်ရမှာလား။ ဒါမှမဟုတ် ဒီလိုပဲ ဆက်နေရမှာလား စဉ်းစားရတော့ အကျပ်ရိုက်ပြီပေါ့။ ပြီးတော့ အန်တီမမကြီးက သူ့နိုင်ငံရေးဘဝကို ဆက်ပြောပါတယ်။ ဒါလည်း ဘုံပိုင်ရေလွှတ်ပါပဲ။ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို မောင်မှန် အထိုက်အလျှောက် သိပါတယ်။ မောင်မှန်သိတာတွေတော့ အန်တီမမကြီး ပြောတဲ့အထဲ မပါသလောက်ပါပဲခင်ဗျ။ ထောင်အကြောင်း စာအုပ်တွေလည်း ရေးခဲ့၊ ပေါက်ခဲ့သတဲ့၊ဒီ ထောင်စာအုပ်တော့ မောင်မှန် ဖတ်ဖူးပါတယ်။ ပေါက်လည်းပေါက်သင့်ပါတယ်။ ရုပ်ရှင်လေး ဗီဒီယိုလေး ရိုက်ရင်တောင် ကောင်းမလားပဲ။ တန်းစီးခင်စိန်တို့ ဘာတို့ပေါ့လေ။ မြန်မာ အမျိုးသမီးထောင်ကားပေါ့။

သံရုံးစာပေ ဖြတ်သန်းမှုလည်း မကျန်စေရပါဘူး။ သံရုံးစာပေတွေကြောင့် သူဘယ်လို အဆင်ပြေခဲ့ကြောင်း၊ ဘယ်လောက်ထိ ပြေသလဲဆိုရင် ကားပါ ဝယ်စီးနိုင်တဲ့အကြောင်း ပြောပါတယ်။ ပြောရုံတင်မက ကားမောင်းနေတဲ့ ဓာတ်ပုံကြီးပါ TV မှာ ပြပါတယ်။ ဒီတစ်ချက်ကတော့ မောင်မှန်တို့ အပြောအဆို ရဲတင်းတဲ့သူ အားလုံးကို ဖြတ်တက်သွားပါပြီ။ စာပေနဲ့ တိုက်ရိုက်ဆိုင်တာ၊ မဆိုင်တာတွေထား၊ ကားမောင်းတဲ့ ဓာတ်ပုံကြီးပါ တင်ပြပစ်လိုက်ပါပြီ။ မောင်မှန်ရင်ထဲ ကျလိ၊ ကျလိ နည်းနည်းတော့ ဖြစ်တာပေါ့။ သံရုံးစာအုပ် ဘာသာပြန်ရအောင်လည်း သိုးဆောင်းစာက မတတ်၊ (မြန်မာစာတောင် အနိုင်နိုင် ရေးနေရတာ) ကိုယ်ပိုင်ကားကလည်း မရှိတော့ကာ သူ့လို လုပ်ပြဖို့ရာ အခွင့်အလမ်းကို မရှိတော့ဘူး။ မနာလိုအားကျ ဖြစ်လိုက်တာနော်။)

ဒီစာပေလိုင်းက မောင်မှန်ကို လာရိုက်မယ်ဆိုရင်တော့ မောင်မှန်က ဗရုတ်သုက္ခစာပေများရေးပြီး အဆင်ပြေ စက်ဘီးဝယ်စီးနေပုံကို TV မှာ ပြဖို့ ထည့်ကိုပေးလိုက်ဦးမှာ။ ဓာတ်ပုံကတော့ ရိုက်ပြီးသား အဆင်သင့်ပဲ။ လာရိုက်ဖို့ပဲ လိုတော့တယ်။ မောင်မှန်ဆိုတဲ့ ကောင်ကလည်း ကိုယ်တော် ကိုယ်သိ ကိုယ်တတ် ပြောတဲ့နေရာမှာတော့ ထိပ်တန်း ဂရိတ်ဝမ်းပါ။ သိပ်တော့ လျှော့မတွက်ပါနဲ့။ မယုံရင် လာရိုက်ကြည့်လှည့်ပါ။ မောင်မှန်ရဲ့ ကိုယ်ရည်ကိုယ်သွေး လင်းကွင်းသံဟာ နားဝင်ပီယံ ဖြစ်ရပါစေမယ်။

နောက်တစ်နေ့ကျတော့ ဒီစာပေလိုင်းကဖြင့် ပုံမှန်ကို ကြည့်ရတော့မှာပဲလို့ မောင်မှန် သဘောပေါက်သွားတယ်။ ကိုယ်လိုလူစား ဘယ်လောက်များမလဲ မောင်မှန် သိချင်တာကိုး။ အမယ်လေးလေး၊ ကိုယ်လို့လူစား အများကြီးဆိုတာကို အဲဒီမှာ မောင်မှန် တွေ့ရတော့တာပဲ။ စာပေလူကြီး အကြာကြီးလုပ် ဖြတ်သန်းမှုကို လူရည်ချွန် အရွေးခံရတာတွေ ဘာတွေနဲ့ ဆက်စပ် တင်ဆက်သွားပါတယ်။ နိုင်ငံရေး ဖြတ်သန်းမှုကတော့ ထည့်ပြောမသွားပါဘူး။ ဒါကလည်း ပရိတ်သတ် ပျင်းရိ ငြီးငွေ့မှာ စိုးလို့နေမှာပါ။ သူ့နိုင်ငံရေး ဖြတ်သန်းမှုက မဆလ ဆိုတော့ကာ လူတွေ အာရုံကျဖို့ အခက်အခဲ ရှိနိုင်တယ်လေ။ အဲဒါကို ပါးရေနပ်ရေရှိရှိ၊ ရှောင်ကွင်းလိုက်နိုင်တာကိုက အရည်အသွေး ပြည့်မီပေတာပဲမို့လား၊ ဆရာကြီးကတော့ ကားမောင်းနေတဲ့ ဓာတ်ပုံတွေဘာတွေ မပြပါဘူး။ အမျိုးသားမို့ နည်းနည်း ထိမ်းသိမ်းတာ ဖြစ်မယ်ထင်တယ်။ မောင်မှန်နဲ့တော့ သိပ်မကွာလှပါဘူး။ မောင်မှန်ပြောရဲသလောက် သူလည်း ပြောရဲတာပါပဲ။ အသက်သာ ကွာပြီး အပြော မကွာလှပါဘူး။

နောက်ပိုင်းမှာတော့ မောင်မှန် ဒီလိုင်းကို သိပ်မကြည့်ဖြစ်တော့ပါဘူး။ ဘာလို့ဆို ကိုယ်လိုလူတွေ များနေတဲ့ဟာပဲ။ ကိုယ့်ဟာကိုယ် မှန်ထဲကြည့်ပြီး ပြောဟောနေတော့မှာပေါ့။ မီတာခတွေ ဈေးတက်တော့မယ်ဆိုတဲ့ ကာလကြီးမှာ မီတာချွေတာရာတောင် ရောက်သေး။

စာရေးဆရာတွေက လူထုကို ပညာပေးရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်လိုစာရေးဆရာတွေက လူထုကို ဘယ်လို ပညာပေးကြမှာလဲဆိုတာတော့ မဖြစ်မနေ ထည့်သွင်း စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်နေပါတယ်ဆိုတဲ့ တိုင်းပြည်မျိုးဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒီမိုကရေစီအတွက် စာပေလက်နက်ဆိုတာ မရှိမဖြစ်ပဲ။ ဒီတော့ လူထုကို ပညာပေးမယ့် စာရေးဆရာတွေဟာ ဒီမိုကရေစီလိုလားသူတွေ တကယ်ဟုတ်ရဲ့လား။ ဒါ ပထမအချက် အရေးကြီးပါတယ်။ ဥပမာ ဟစ်တလာကို ဒီမိုကရေစီအကြောင်း ပြောခိုင်းလို့ ဘယ်ရပါ့မလဲ။ ဒုတိယအချက်က ဒီမိုကရေစီတော့ လိုလားပါရဲ့၊ ငါသည်ပင် ဒီမိုကရေစီ ဖြစ်တော့သကိုးဆိုပြီး ပညာပေးပုံမျိုးကလည်း နိပ်လှမယ် မထင်ပါဘူး။ ကိုယ်ရည်သွေး တီးလုံးသံတွေ သက်သက် ရှုမြင်ခံစားဖို့ရာဖြင့် ပြည်သူတွေမှာ အချိန်လည်းမရှိ ငွေလည်းမရှိပါဘူး။ ရိုက်ကူးထုတ်လွှင့်သူများ ဘက်ကလည်း ငွေကုန်သံပြာ ဖြစ်ပါတယ်။ စာပေမြင့်မှ လူမျိုးတင့်မယ်ဆိုတာ အမှန်ပါ။ မောင်မှန်တို့ လူမျိုး မတင့်နိုင်သေးတာ စာပေမမြင့်လို့ဆိုတာ အသေအချာပါပဲခင်ဗျာ။