SD အဖွဲ့နှင့် UPWC တို့ သြဂုတ် ၆ ရက်တွင် ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးမည်

SD အဖွဲ့နှင့် UPWC တို့ သြဂုတ် ၆ ရက်တွင် ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးမည်
ဇူလိုင်လကုန်ပိုင်းက UPWC နှင့် SD အဖွဲ့တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြစဉ်။ ဓါတ်ပုံ - သက်ကို

ချင်းမိုင် ၊ သြဂုတ် ၄ ။      ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ သြဂုတ်  ၆ ရက်တွင် ရန်ကုန်မြို့တွင် ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

ယခုတစ်ကြိမ် ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ  အားလုံးပါဝင်ရေး၊ လက်မှတ်ရေးထိုးမည့်သူများနှင့် အသိ သက်သေများ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးတို့ကို အဓိကထား ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း SD ၏ ဒုတိယ ခေါင်းဆောင် ပူးဇင်ကျုံးက ပြောသည်။

၎င်းက “ကျွန်တော်တို့  ၈ ကြိမ်မြောက်ဆွေးနွေးပွဲမှာ မပြီးပြတ်သေးတဲ့ကိစ္စတွေ ပြန်ဆွေးနွေးမှာပါ။ text  (စာချုပ်မူကြမ်း) မှာပါတဲ့ ၃ ချက်ကျန်တယ်။ Text မှာ မပါတဲ့ သုံးချက်လုံးကို ပြန်ဆွေးနွေးပါ။ အဲဒါက အားလုံး ပါဝင်ရေးကိစ္စရယ်၊ ဘယ်သူတွေ လက်မှတ်ရေးထိုးမယ်။ ဘယ်အသိသက်သေတွေပါမယ်ဆိုတဲ့အချက်တွေ ဆွေးနွေးမှာပါ” ဟု  မဇ္ဈိမကို ပြောသည်။

SD ခေါင်းဆောင်များ အပါအဝင် အဖွဲ့များ အားလုံး ဆွေးနွေးပွဲ တက်ရောက်ရန် သြဂုတ် ၄ ရက်တွင်  ရန်ကုန်မြို့သို့ သွားရောက်နေပြီ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဇူလိုင်  ၂၆ ရက်မှ ၂၉ ရက်ထိ ပြုလုပ်ခဲ့သော SD နှင့် တိုင်းရင်းသားခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင်လည်း  လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့   NCA လက်မှတ်ရေးထိုင်းမည် ဖြစ်သလို၊ အခြား အဖွဲ့အစည်းများအားလုံး ပါဝင်ရေးကိုလည်း ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ဆွေးနွေးမှု မတိုင်မီ သြဂုတ်  ၅ ရက်နေ့တွင် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် (SD)က ရန်ကုန်မြို့ရှိ ပါရမီ ဟိုတယ်တွင် လက်ရှိ ငြိမ်းချမ်းရေး အခြေအနေများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်ဟုလည်း ပူးဇင်ကျုံးက ပြောသည်။

၎င်းက “ဒီနေ့လက်ရှိအခြေအနေတွေ ရှင်းသွားဖို့ရှိတယ်။ နောက်ကျွန်တော်တို့  ဆွေးနွေးတဲ့နေရာမှာ ဘယ်လိုဆွေးနွေးကြမယ် ဆိုတဲ့ကိစ္စ၊ SD ဘက်ကနေ ဘယ်လို ဆွေးနွေးဖို့ ပြင်ဆင်ထား တယ်ဆိုတဲ့ ကိစ္စတွေ ပြောမှာပါ”ဟု  ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်ထိ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်နှင့် UPWC တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှ ယခု ကိုး ကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ တို့မှ ခေါင်းဆောင်များ သမ္မတ ဦးသိန်းစိန်နှင့် သြဂုတ်လ ၃ ရက်က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags