မိုင်ဂျာယန်ရှိ အင်ခေါင်းပါ ဒုက္ခသည်စခန်းအနီး ချောင်းရေကြီး၍ စာသင်ကျောင်းပိတ်ရ

မိုင်ဂျာယန်ရှိ အင်ခေါင်းပါ ဒုက္ခသည်စခန်းအနီး ချောင်းရေကြီး၍ စာသင်ကျောင်းပိတ်ရ
ဓာတ်ပုံ -  ဒေါ်မေရီတောမ်

ချင်းမိုင်၊ ဇွန် ၁၉ ။           ။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် မိုင်ဂျာယန်ရှိ အင်ခေါင်းပါ ဒုက္ခသည်စခန်းအနီး ချောင်းရေ လျှံတက်လာသဖြင့် စာသင်ကျောင်းများ ပိတ်လိုက်ရသည်ဟု သိရသည်။

ဇွန် ၁၉ရက် နံနက်ပိုင်းတွင် အင်ခေါင်းပါ ဒုက္ခသည်စခန်းအနီးရှိ အင်ခေါင်းချောင်းကြီးလာသဖြင့် ဒုက္ခသည်များ ပြောင်းရွှေ့ရမည့် အခြေအနေမရှိသော်လည်း သွားလာရေး ခက်ခဲလာသဖြင့် စခန်းရှိ စာသင်ကျောင်းကို ပိတ်လိုက်ရသည်ဟု မိုင်ဂျာယန်ရှိ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသော Wunpawng NingHtoi အဖွဲ့မှ ဆရာမ မွန်းပန်က ပြောသည်။

“မနေ့ညကနေ ဒီမနက်ပိုင်းထိ မိုးက ပြင်းပြင်းထန်ထန်ရွာလာတော့ ချောင်းရေကြီးလာတာ။ လူတွေတော့ ဘာမှမဖြစ်ဘူး။ ဝက်ခြံ နှစ်ခုတော့ ပျက်ဆီးသွားတယ်၊ အခုတော့ မိုးလည်းတိတ်သွားပြီ။   ရေလည်းလျော့သွားပြီ။ ဒါပေမဲ့ မိုးဆက်တိုက်ရွာရင်တော့ ရေထပ်ကြီးလာမှာကို စိုးရိမ်နေကြတယ်။ ကလေးတွေက ချောင်းပေါ်က တံတားဖြတ်ပြီး သွားရမှာမလို့ ကျောင်းပိတ်လိုက်ရတာ”ဟု သူက မဇ္ဈိမကို ပြောသည်။

မြင့်တက်လာသော ချောင်းရေကို ဖြတ်သန်း၍ သွားလာရသဖြင့် အင်ခေါင်းပါစခန်းရှိ စာသင်ကျောင်းကိုလည်း ယာယီပိတ်ထားလိုက်သော်လည်း ယခု ညနေပိုင်းတွင်မူ ချောင်းရေကြီးမှု လျော့သွားပြီ ဖြစ်သည်။

အဆိုပါ အင်ခေါင်းပါ ဒုက္ခသည်စခန်းတွင် လက်ရှိ ဒုက္ခသည်ပေါင်း ၁၆၉၀ ကျော် ခိုလှုံနေသည်ဟု သူက ပြောသည်။

အလားတူ ကချင်ပြည်နယ် ဖားကန့်မြို့ ရက်ကွက်တစ်ချို့တွင်လည်း ဇွန်လ ၁၇ ရက်နေ့က မိုးပြင်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဖားကန့်မြို့ ငှက်ပျောတော၊ မြို့မရပ်ကွက်များတွင် ဥရုချောင်းရေလျှံသဖြင့် လူနေအိမ်မျာထဲ ရေဝင်မှုများ ရှိခဲ့သော်လည်း ယနေ့တွင် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly