ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများအတွက် ကျောင်းကား(Mini Bus) ၃ စီး စတင်စမ်းသပ်ပြေးဆွဲ

ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများအတွက် ကျောင်းကား(Mini Bus) ၃ စီး စတင်စမ်းသပ်ပြေးဆွဲ

မန္တလေး၊ ဇွန် ၁၉ ။             ။ ရတနာပုံတက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် ဈေးနှုန်းအသင့်အတင့်ဖြင့် လုံခြုံစိတ်ချစွာ စီးနိုင်မည့် ကျောင်းကားပြေးဆွဲခြင်း အစီအစဉ်ဖြင့် (၂၀၁၇)ခုနှစ် ဇွန်(၁၉)ရက်မှစတင်၍ စမ်းသပ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

''ကျောင်းသူကျောင်းသားတွေ စိတ်ဝင်စားမှုကို မသိသေးတဲ့အတွက် စမ်းသပ်ကာလမှ (၃)စီးနဲ့ လမ်းကြောင်းတစ်ကြောင်းတည်း သတ်မှတ်ပြီး စတင်ပြေးဆွဲမှာပါ၊ မန္တလေးတက္ကသိုလ်ဝန်းကျင်မှာ အဆောင်တွေ များတဲ့အတွက် အဲကနေစပြီး လမ်းကြောင်းတစ်ကြောင်းက ကျောင်းသူကျောင်းသားတွေ တင်နိုင်အောင် နို့ချက်စက်ရုံဘက်က ဝင်ဖို့ လမ်းကြောင်းဆွဲခဲ့တာပါ၊ စမ်းသပ်မှုအောင်မြင်ရင် လမ်းကြောင်းတွေ တိုးသွားမယ်၊ ကားတွေ ကားမှတ်တိုင်တွေလည်း တိုးချဲ့ပေးဖို့ အစီအစဉ်ရှိပါတယ်'' ဟု ရတနာပုံကျောင်းသားသမဂ္ဂ (ရ.တ.က.သ) အလုပ်အမှုဆောင် ကိုသန့်သက်ဦးခန့်က ပြောသည်။

စမ်းသပ်ပြေးဆွဲရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောင်းကား (Mini Bus) သုံးစီး ချပေးထားရာ အဆိုပါ ကျောင်းကား(Mini Bus)တစ်စီးလျှင် လူ(၂၅)ဦး စီးနိုင်မည်ဖြစ်ပြီး စမ်းသပ်ကာလတွင် ယာဉ်စီးခကို တစ်ခါစီးလျှင် (၃၀၀)ကျပ် သတ်မှတ်ထားသည်။

''ရတနာပုံတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ သွားလာမှုအဆင်ပြေစေရန်၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းဖို့ ပညာအဆင်ပြေဖို့ ပူးပေါင်းပါဝင် လှူဒါန်းပေးတာဖြစ်ပါတယ်၊ တိုင်းဒေသကြီး အစိုးရ လမ်းညွန့်ချက်နဲ့ ရတနာပုံတက္ကသိုလ်မှ ၃စီး စမ်းသပ်ပြေးဆွဲနေတာပါ၊ အခြားကျောင်းတွေမှာလဲ ဒီလိုအစီအစဉ်ရှိရင်လဲ ပူးပေါင်းပါဝင်လှူဒါန်းဖို့ အဆင်သင့်ပါပဲ '' ဟု အောင်မြင်သူအုပ်စု ကုမ္မဏီ အထွေထွေ မန်နေဂျာ ဦးရဲမျိုးဟိန်းက ပြောသည်။

နံနက် ကျောင်းသွားချိန်အတွက် နံနက်(၇)နာရီခွဲတွင် တစ်စီး၊ နံနက်(၈)နာရီ (၁၅)မိနစ်တွင် တစ်စီး၊ နံနက်(၉)နာရီတွင် တစ်စီး ပြေးဆွဲမည်ဖြစ်ပြီး ညနေ ကျောင်းပြန်ချိန်အတွက် နေ့လည်(၂)နာရီ (၃၀)မိနစ်တွင် တစ်စီး၊ ညနေ(၃)နာရီ (၃၀)မိနစ်တွင် တစ်စီး၊ ညနေ(၄)နာရီ (၃၀)မိနစ်တွင် တစ်စီး ပြေးဆွဲမည်ဖြစ်ရာ လမ်းကြောင်းတစ်လျှောက် စောင့်ဆိုင်း၍ စီးနိုင်မည်ဖြစ်သည်။

လမ်းကြောင်းက တစ်ကြောင်းထဲဖြစ်ခြင်း၊ အကြိုအပို့ အစီအစဉ်မပါခြင်းတို့ကြောင့် မိန်းကလေးများအတွက် အခက်အခဲရှိကြောင်း၊ ရတနာပုံတက္ကသိုလ်တွင် ကျောင်းသားဦးရေ   သောင်းချီရှိရာ ကျောင်းကားစီးချင်သူအားလုံး စီးခွင့်ရအောင် စီစဉ်ပေးစေချင်ကြောင်း၊ စမ်းသပ်ကာလပြီးနောက်တွင်လည်း သင့်တင့်တဲ့ဈေးနှုန်းသာ ဖြစ်စေချင်ကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် ရတနာပုံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက အကြံပြုထားသည်။

ကျောင်းကားစတင်ပြေးဆွဲချိန်မှစတင်၍ ရတနာပုံကျောင်းသားသမဂ္ဂ (ရ.တ.က.သ)က ကျောင်းကားစနစ် အတည်တကျ လည်ပတ်သွားလာနိုင်ရန် နှင့် တစ်လထက် တစ်လ ယခုထက် ပိုမို အဆင်ပြေမှုရှိစေရန်အတွက် စစ်တမ်းကောက်၍ အကြံပြုချက်များဖြင့် ကျောင်းကား ဆက်လက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly