Y-8 လေယာဉ် အစိတ်အပိုင်းဆယ်ယူရာတွင် ထိခိုက်ဒဏ်ရာရသော အရပ်သားရေငုပ်သမား ၂ ဦး ဆေးကုသ

Y-8 လေယာဉ် အစိတ်အပိုင်းဆယ်ယူရာတွင် ထိခိုက်ဒဏ်ရာရသော အရပ်သားရေငုပ်သမား ၂ ဦး ဆေးကုသ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဇွန်လ ၁၉ ရက် ။              ။ ပြီးခဲ့သည့် ဇွန် ၇ ရက်က ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ရှာဖွေရေးတွင် ယမန်နေ့က လေယာဉ်အစိတ်အပိုင်းဆယ်ယူရာတွင် အရပ်သားရေငုပ်သမား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးတွင် ကုသလျက်ရှိကြောင်း သိရသည်။

လောင်းလုံဘုတ်ကျွန်းအနီး ပင်လယ်ရေအောက်အနက် ၁၂၅ ပေခန့်တွင်တွေ့ရှိသော လေယာဉ်အစိတ်အပိုင်းအား ဆယ်ယူရန် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဒလမြို့နယ်ရှိ အဏ္ဏဝါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမားဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့ နှစ်ဦးသည် ဇွန် ၁၇ ရက် နံနက် ၈ နာရီခန့်တွင် လေယာဉ်အစိတ်အပိုင်း ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ်   ရေထုဖိအားကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သတိမေ့မြောသွားခဲ့သည်။

ထို့ကြောင့် ယနေ့ ဇွန်လ ၁၉ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ ရောက်ရှိဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၁၉ ရက်နေ့လည်ပိုင်းတွင်  တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံ နှင့်အဖွဲ့ဝင်များက Y-8 လေယာဉ်အစိတ်အပိုင်း ရှာဖွေဆယ်ယူရာတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက် ကုသနေသည့် အဆိုပါ အရပ်သားရေငုပ်သမားနှစ်ဦးအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇွန်လ ၁၈ ရက်တွင် လေယာဉ်အမြီးပိုင်းနှင့် အစိတ်အပိုင်းအချို့အား ရေအောက်မှ ရေပြင်ပေါ်သို့ ဆယ်ယူခဲ့ပြီး အဆိုပါ လေယာဉ်အမြီးပိုင်းတွင် FDR - Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recorder တို့ ပါရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly