ကျောက်တံတားမြို့နယ်ရှိ ခရီးသွားကုမ္ပဏီအား လုယက်မှု ၁၂ နာရီအတွင်း ဖမ်းဆီးရမိ

ကျောက်တံတားမြို့နယ်ရှိ ခရီးသွားကုမ္ပဏီအား လုယက်မှု ၁၂ နာရီအတွင်း ဖမ်းဆီးရမိ
ဓာတ်ပုံ- Yangon Police

ရန်ကုန်၊ ဇွန် ၁၉ ။            ။ ယမန်နေ့က ကျောက်တံတားမြို့နယ်ရှိ ခရီးသွားကုမ္ပဏီအား လုယက်မှု ၁၂ နာရီအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ဇွန်လ ၁၉ ရက်တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။

ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကျောက်တံတားမြို့နယ် အမှတ်(၁) ရပ်ကွက်၊ (၃၃)လမ်းအထက် အမှတ်(၁၉၇)၊ မြေညီထပ်ရှိ MK Travels & Tourကုမ္ပဏီလီမိတက်၏ (ပြည်တွင်း/ပြည်ပ)  လေယာဉ်လက်မှတ်အရောင်းဌာနတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တံတားမြို့နယ်ရှိ MK Travels & Tour လေယာဉ်လက်မှတ်အရောင်းဌာနတွင် အဆိုပါကုမ္ပဏီမှ အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ်   လေယာဉ်လက်မှတ်စုံစမ်းဟန်ဆောင်ကာ လုယက်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ရာ အဆိုပါ အရောင်းဌာနတွင် ဝန်ထမ်းသုံးဦးသာရှိပြီး မြတ်သီဟထွန်း (ခ) သီဟဆိုသူမှာ အခင်းဖြစ်နေ့က ရုံးသို့ရောက်ရှိလာခြင်းမရှိဘဲ ပျက်ကွက်နေကြောင်း သိရသည့်အပြင်
CCTV မှတ်တမ်းများအရ ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် တစ်ဦးမှာ ၎င်းနှင့် ပုံသဏ္ဍန်တူညီကြောင်း တွေ့ရှိရသဖြင့် မြတ်သီဟထွန်း(ခ)သီဟ သွားလာနိုင်သည့်နေရာများသို့စုံစမ်းရှာဖွေခဲ့ကာ ယခုလို ဖမ်းဆီးရမိခြင်း ဖြစ်သည်။  

ဇွန်လ ၁၈ ရက် ညနေ ၆ နာရီအချိန်တွင် မြတ်သီဟထွန်း(ခ)သီဟ အား အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူစစ်မေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်များအပေါ် သက်သေ အထောက် အထားများဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ခဲ့သဖြင့် အဆိုပါအမှုအား သူငယ်ချင်းဖြစ်သူ ဇွဲမာန်ဦး နှင့်အတူ ကျူးလွန်ခဲ့ကြောင်းကို ည ၉နာရီအချိန်တွင် ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့သည်။

မြတ်သီဟထွန်း(ခ)သီဟ၏ ထွက်ဆိုချက်အရ MK Travels & Tour အရောင်းဌာနတွင် အလုပ် လုပ်ကိုင်ခဲ့ဖူးပြီး အလုပ်မှထွက်သွားရာမှ လွန်ခဲ့သော(၃)လခန့်တွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း၊ အခင်းမဖြစ်မီ ၂ရက်ခန့်က သူငယ်ချင်းဖြစ်သူ ဇွဲမာန်ဦးနှင့်တွေ့ဆုံပြီး ငွေကြေးအခက်အခဲများရှိသဖြင့် ၎င်းတို့နှစ်ဦးတိုင်ပင်ကာ MK Travels & Tour လေယာဉ် လက်မှတ်အရောင်းဌာနတွင် မပိုးပွင့်ဖြူ တစ်ဦးတည်းရှိနေမည့်အချိန်တွင် လုယက်ရန် တိုင်ပင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ မပိုးပွင့်ဖြူ တစ်ဦးတည်းရှိနေစဉ် အသက်(၂၀)ဝန်းကျင်ရှိ လူငယ်နှစ်ဦးက လေယာဉ် လက်မှတ်စုံစမ်းရန်ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအနက် တစ်ဦးမှာ ၎င်းအားမှတ်မိခြင်းမရှိစေရန် ဦးထုပ်ဆောင်းထားကာ မျက်နှာကို ဆေးရုံသုံး Mask အုပ်၍ရုပ်ဖျက်ထားကြောင်း၊ ၎င်းတို့ ၂ ဦးမှ မပိုးပွင့်ဖြူ၏မျက်နှာအား အစိမ်းနုရောင်လက်ကိုင်ပုဝါဖြင့်အုပ်ကာ ချွန်ထက်သောအရာဖြင့် လည်ပင်းအားထောက်၍ အိမ်သာဘက်သို့ဆွဲခေါ်သွားခဲ့ကြောင်း၊ မပိုးပွင့်ဖြူ၏ပါးစပ်အတွင်းသို့ အဝတ်စများထည့်ပြီး ပါးစပ်နှင့်မျက်နှာတို့တွင် အနက်ရောင်တိတ်ဖြင့် ပတ်ကာ ခြေထောက်နှင့် လက်များကို နိုင်လွန်ကြိုးဖြင့်တုပ်ထားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

မပိုးပွင့်ဖြူ ဝတ်ဆင်ထားသော စိန်လက်စွပ်တစ်ကွင်း၊ တန်ဖိုး(၁၇၀၀၀၀)ကျပ်၊ Mc ရွှေဟန်းချိန်းတစ်ခု တန်ဖိုး(၃၀၀၀၀၀)ကျပ်တို့အား ယူဆောင်ခဲ့သည့်အပြင် ကုမ္ပဏီရုံးခန်း အံဆွဲအတွင်းမှ   ငွေကျပ်သိန်း(၇၀)ခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း တိုင်တန်းသဖြင့် ကျောက်တံတားမြို့မ ရဲစခန်း(ပ)၂၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၄၁ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ထို့နောက် အဆိုပါအမှု ကျူးလွန်ရာတွင် အတူပါဝင်သူ ဇွဲမာန်ဦးအား ရှာဖွေဖမ်းဆီးခဲ့ရာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ၎င်းနေထိုင်သော တာမွေမြိုနယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်ရှိ   နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး လုယက်ယူဆောင်သွားသော စိန်လက်စွပ်တစ်ကွင်း၊ Mc ဟန်းချိန်းတစ်ခုနှင့် ငွေစက္ကူရောရာ (၄၅၇၂၃၀၀)ကျပ် (လေးဆယ့်ငါးသိန်းခုနှစ်သောင်းနှစ်ထောင်သုံးရာကျပ်)တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly