ရန်ကုန်တိုင်းဒေသကြီးတွင် ငါးလအတွင်း အဓမ္မပြုကျင့်မှု ၁၁၇ မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးတွင် ငါးလအတွင်း အဓမ္မပြုကျင့်မှု ၁၁၇ မှု ဖြစ်ပွား
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဇွန် ၉ ရက်နေ့က မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မူခင်းအသိပညာပေးဆောင်ရွက်နေစဉ်။ ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၁၉ ။          ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ်၊ ပထမ ငါးလတာကာလအတွင်း အဓမ္မပြုကျင့်မှု ၁၁၇ မှုထိ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ ၂ဝ၁၆ ခုနှစ်၊ ပထမ ငါးလတာ ကာလအတွင်း အဓမ္မပြုကျင့်မှု ၈ဝ ဖြစ်ပွားခဲ့ပြီး ယခုနှစ် ငါးလအတွင်းမှာမူ ၃၇ မှု ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း အဓမ္မပြုကျင့်မှု ၂၅ မှု၊ ဖေဖော်ဝါရီလတွင် ၁၇ မှု၊ မတ်လ တွင် ၂၆ မှု၊ ဧပြီလတွင် ၂၅ မှုနှင့် မေလတွင် ၂၄ မှုတို့ ဖြစ်ပွားခဲ့ပြီး မတ်လတွင် အဓမ္မပြုကျင့်မှုအများဆုံးဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှုနှင့် လုယက်မှုတို့မှာ ၂ဝ၁၇ ခုနှစ်၊ မေလအတွင်း ၃၈ မှုထိဖြစ်ပွားခဲ့ပြီး ငါးလတာကာလအတွင်း လုယက်မှု ၁၇ မှုထိဖြစ်ပွားခဲ့ကြောင်းသိရသည်။

၂ဝ၁၆ ခုနှစ်၊ ပထမငါးလတာကာလအတွင်း လုယက်မှု ၂၄ မှုထိဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိပြီး ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ကြည့်မြင်တိုင်မြို့နယ်၊  ဦးလူနီလမ်းမှ ဆရာဝန်တစ်ဦးနေအိမ်အတွင်း ကလေးငယ်အား ဓားထောက်ပြီး အနုကြမ်းစီးလုယက်ခဲ့မှုနှင့် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စမ်း ချောင်းမြို့နယ်ရှိ Money Changer လုယက်မှု ဖြစ်စဉ်များမှ ကျူးလွန်သူများအား ယနေ့ချိန်ထိဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ်၊ မေလအတွင်း မူးယစ်ဆေးဝါးမှု  ၄ဝဝ မှု၊ ရိုးရိုးနာကျင်စေမှု ၂၂၉ မှု၊ သာမာန်နာကျင်စေမှု ၂၆၄ မှု၊ လောင်းကစားမှု ၁၂ဝ မှု၊ ပြည့်တန်ဆာမှု ၁၂ဝ မှု၊ ခိုးမှု ၁၁၅ မှု၊ ယစ်မျိုး ၁ဝ၈ မှုနှင့် လက်နက်ပုန်းမှု ၅၇ မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း  မုဒိမ်းမှုနှင့် အခြားမူခင်းများကျဆင်းစေရေးအတွက်  ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး မြို့နယ်၊ ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ များနှင့်  မူခင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly