ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ကားကြီးကိုဖန်တီးသူ ဒါရိုက်တာအာကာ (Arkar Production)နှင့် တွေ့ဆုံခြင်း အပိုင်း ၁

ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ကားကြီးကိုဖန်တီးသူ ဒါရိုက်တာအာကာ (Arkar Production)နှင့် တွေ့ဆုံခြင်း အပိုင်း ၁

ပထမဆုံးရုပ်ရှင်ကား Trailer ကို ဖေ့ဘွတ်ပေါ်တင်လိုက်တာနဲ့ ထူးခြားမှုရှိတယ်၊ ကွာလတီရှိတယ်လို့ ပရိသတ်တွေ အသိအမှတ်ပြုခဲ့တဲ့ အာကာပရိုဒတ်ရှင်းရဲ့ ရုပ်ရှင်ကားကြီးနဲ့ ပတ်သက်ပြီး ရိုက်ကူးသူ ဒါရိုက်တာအာကာကို တွေ့ဆုံဖို့ စိတ်ဝင်စားခဲ့ပါတယ်။ Arkar Production ရဲ့ MTV တွေဆို ပြောစမှတ်ပြုရအောင် ရိုက်ချက်၊ ရသတွေနဲ့ ထူးခြားမှုရှိတာအမှန်ပါပဲ။ “ ဒုဌဝတီကိုလွန်၍ ” ဇာတ်ကားကို ဖန်တီးရိုက်ကူးဖြစ်ပုံနှင့်ပတ်သက်ပြီး ဒါရိုက်တာ အာကာ (Arkar Production) နှင့် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ပထမဦးဆုံးကတော့ ဒီ အခု Facebook စာမျက်နှာမှာ အစ်ကိုတို့ Arkar Production က ရိုက်ကူးထားတဲ့ ဒုဌဝတီကိုလွန်၍ Trailer နဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း အရမ်းစိတ်ဝင်စားမှုများနေတယ်။ အဲဒီအတွက် အစ်ကိုတို့အနေနဲ့ ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ကားကြီးကို ဖန်တီးဖြစ်ပုံကို ပြောပြပေးပါဦးဗျ။   

ဖြေ။ ဒုဌဝတီကိုလွန်၍ ဇာတ်ကားမှာ ဇာတ်လမ်းဇာတ်ညွှန်းက ရဲနောင်ရေးထားတာပါ။ Hip Hop အဆိုတော် ရဲနောင်။ အဲဒီဇာတ်လမ်းက ကျွန်တော်စင်ကာပူမှာ အလုပ်လုပ်နေတဲ့ အချိန်မှာပဲ ကျွန်တော်တို့က MTV ရိုက်နေပြီဆိုတော့ အဲဒီအချိန်မှာ ရုပ်ရှင်တစ်ခုရိုက်ဖို့ လာကမ်းလှမ်းတယ်။ ဘယ်ကလဲဆိုတော့ အမေရိကန် သံအမတ် Direct Michell ဆိုတာရှိတယ်။ သူ့ရဲ့အစ်ကို Jeffery Michell ဆိုတဲ့ တစ်ယောက်က  US မှာနေတယ်။ သူက ကျွန်တော်တို့ ရိုက်နေတဲ့ MTV တော်တော်များများကို ကြည့်ဖြစ်တယ်။ ကျွန်တော် အဲဒီတုန်းက ရွှေတိဂုံတို့ ကျိုက်ထီးရိုးတို့ရိုက်တော့ သူက အဲဒါတွေကိုကြည့်ပြီးတော့ သူက ကျွန်တော့်ကို အားပေးတယ်။ အားပေးရင်းနဲ့မှ ငါနေတဲ့ ပတ်ဝန်းကျင်မှာ ရုပ်ရှင်အသိုင်းအဝိုင်းတွေများတယ်တဲ့။ အဲဒီတော့ ရုပ်ရှင်ရိုက်ဖို့ စိတ်ဝင်စားလားဆိုတော့ ကျွန်တော်က စိတ်ဝင်စားတယ်လို့ အဲဒါနဲ့ သူကပြောတယ်။ ငါ Producer တစ်ယောက်နဲ့ ချိတ်ပေးမယ်တဲ့။ ကျွန်တော့်ကို Producer တစ်ယောက်နဲ့ ချိတ်ပေးတယ်။ ဖြစ်ချင်တော့ အဲဒီလူက ဟောလိဝုဒ်က လူတစ်ယောက်ဖြစ်နေတယ်။ သူက ကျွန်တော့်ကို ဘာပြောလဲဆိုတော့ ငါတို့ မြန်မာနိုင်ငံလည်း မရောက်ဖူးဘူး။ မြန်မာနိုင်ငံရဲ့ Scenes တွေကို ဟောလိဝုဒ်ရုပ်ရှင်ကားတွေမှာ မတွေ့ရဘူး။ နည်းတယ်။ တစ်ခုနှစ်ခုလောက်ပဲ ရှိတယ်ပေါ့။ တစ်ချို့ အရမ်းမိုက်တဲ့နေရာ ရှိသေးတယ်။ ဒါပေမယ့် မင်းတို့က Local ဖြစ်နေတော့ မင်းတို့သိတယ်။ အဲဒီတော့ အဲဒီ Scenes တွေနဲ့လှမယ့် ဇာတ်လမ်းတစ်ခုကိုရေးပေး။ အဓိကက ဦးနှောက်ဖောက်စားတာဗျာ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့က ကလေးတွေဆိုတော့ မသိသေးဘူး။ အဲဒီတုန်းက ကျွန်တော်ဆို ၂၁၊၂၂ လောက်ပဲရှိဦးမယ်။ ရိုက်ပါပေါ့၊ ဘတ်ဂျက်ထုတ်ပေးမယ်ပေါ့။ ဟုတ်ပြီပေါ့။ အဲဒါနဲ့ ကျွန်တော် ရဲနောင်ကို ဖုန်းဆက်တယ်။ ရဲနောင်က သီချင်းဆိုနေတဲ့သူဆိုတော့ စာအရေးအသား ကျွန်တော့်ထက်ပိုကောင်းတယ်။ ပြီးတော့ မြန်မာစာ အထိအတွေ့ ကျွန်တော့်ထက်ပိုများတယ်။ ရဲနောင်လို့ ငါတော့ ပရောဂျက်တစ်ခုရထားတယ်လို့။ ရုပ်ရှင်ရိုက်ရမယ်လို့။ အဲဒါဇာတ်လမ်းရေးပေးပါလို့။ ရဲနောင်က ဟုတ်ပြီဆိုပြီး သူရေးရော။ ရေးရင်းရေးရင်းနဲ့ ဟိုဘက်ကိုပြန်ပို့လိုက် ကျွန်တော်တို့ရေးလိုက် ဟိုဘက်ကိုပို့လိုက်နဲ့ ဇာတ်လမ်းကနောက်ဆုံး ဖိုင်နယ်ဖြစ်လာရော။ အဲဒါဆိုရင် ဘတ်ဂျက်ထုတ်ပေးပါလို့ ပြောလည်းပြောရော ဘတ်ဂျက်ကျလာတယ်။ ဒါပေမယ့် အခုလက်ရှိမြန်မာနိုင်ငံမှာရိုက်နေတဲ့ ရုပ်ရှင်ကားတွေနဲ့ ပုံမှန်ဘတ်ဂျက်ကိုကျလာတယ်။ သူတို့လိုချင်တဲ့ Quality က အရမ်းအကောင်းစားကြီး။ အဲဒါနဲ့ ဒီမှာ ဘတ်ဂျက်အတော်အသင့်တော့ သုံးမှရမယ်။ အဲဒါမှမဟုတ်ရင် ငါပထမဆုံးထုတ်တဲ့ကားလည်းဖြစ်တော့ ပေးတဲ့ဘတ်ဂျက်နဲ့ ချူံ့ပြီးရိုက်ရင်ကောင်းမှာ မဟုတ်ဘူးလို့ပြောတော့ သူတို့က ငါတို့က ဒီလောက်ပဲချပေးနိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမတစ်ချက်က မင်းတစ်ခါမှရိုက်ထားတာ မရှိဘူး။ ဒုတိယအချက်က မင်းတို့နိုင်ငံကရိုက်တဲ့ Quality က ဒီလောက်ပဲထွက်တယ်။ အဲဒီတော့ မင်းလည်း ဒီလောက်ပဲထွက်လာနိုင်တယ်။ ကျွန်တော့်မှာ သက်သေပြစရာ ဘာမှမရှိဘူး။ ရှေ့ကရိုက်တဲ့ သူတွေဆီက သွားပြတော့လည်း အဆင်မပြေဘူး။ အဆင်မပြောတော့ အဲဒါဆိုရင်တော့ မရိုက်ဘူးဆိုပြီး ငြင်းလိုက်တယ်။ မရလည်းဘာမှမထူးဘူး ဘာမှမဖြစ်ဘူးဆိုပြီး အဲဒီပရောဂျက်ကို ရပ်လိုက်တယ်။

ဒါပေမယ့် အဲဒီတုန်းက နာမည်က ဒုဌဝတီလို့ပေးထားတာမဟုတ်ဘူး။ The Mystery of Burma ဆိုပြီးတော့ နာမည်ပေးထားတာ။ အဲဒါနဲ့ အချိန်ရရင်ရသလို အမြဲတမ်း အဲဒီဟာကို Review လုပ်တယ်။ ပြီးခဲ့တဲ့နှစ်ကအထိ Review လုပ်နေတုန်းပဲ။ ပြီးခဲ့တဲ့နှစ်က ဘာဖြစ်လဲဆိုတော့ အောင်ရဲလင်းနဲ့ ခင်ဝင့်ဝါတို့နှစ်ယောက်နဲ့ ကျွန်တော်တို့ ထိုင်းမှာ Black Canyon Coffee ကြော်ငြာသွားရိုက်တယ်။ ရိုက်တော့ အခုလက်ရှိထုတ်တဲ့ Golden Hour က ပရိုဂျူဆာနဲ့ ကျွန်တော်တို့စတွေ့တာ။ အကို ဒီလိုဒီလိုတော့ ကျွန်တော်တို့က အိုင်ဒီယာလေးတော့ရှိတယ်။ မြန်မာနိုင်ငံရုပ်ရှင်အခြေအနေနဲ့လည်း အများကြီးတိုးတက်သင့်ပြီပေါ့နော်။ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ယှဉ်ရင် အများကြီးနိမ့်နေသေးတယ်။ ကျွန်တော်တို့ကောင်းကောင်းရိုက်ရမယ်။ ကောင်းကောင်းရိုက်တယ်ဆိုတာလည်း လူချည်းပဲရိုက်လို့မရဘူးပေါ့နော်။ အကုန်လုံးငွေကြေးပိုင်းရော ဘာရော အများကြီးလိုအပ်တယ်။ သူကလည်းစိတ်ဝင်စားတယ်။ အိုကေ၊ Quality ကောင်းတဲ့ ရုပ်ရှင်ကားတစ်ခု ထွက်လာမယ်ဆိုလို့ရှိရင်တော့ ရင်းမယ်ကွာ၊လုပ်မယ်ကွာ။ ငါတို့တော့ သိပ်နားမလည်ဘူး။ မင်းတို့လူငယ်တွေလုပ်ကြ။ လိုအပ်တဲ့ ပမာဏကို ငါတို့ Investment အနေနဲ့ထည့်ပေးမယ်။ ပြီးရင်ရုပ်ရှင် ကုမ္ပဏီတစ်ခုထောင်ပြီးတော့ ရုပ်ရှင်တွေဆက်ရိုက်ကြမယ်။ သူကလည်း သူ့ရဲ့အိပ်မက်တစ်ခုဖြစ်နေတော့ စိတ်ဓာတ်အရမ်းပြင်းပြတယ်။ လုပ်မယ်ဆိုတော့ စပြီးတော့လုပ်ကြတယ်။ ပြီးခဲ့တဲ့ မေလကစရိုက်ဖြစ်တယ်။

မေး။ ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ကားကြီးရဲ့ဇာတ်လမ်းပုံစံနဲ့ ဘယ်နေရာတွေမှာ ရိုက်ကူးပုံဖော်ထားတယ်ဆိုတာလည်း သိချင်ပါတယ်ဗျ။

ဖြေ။ ဇာတ်လမ်းအမျိုးအစားက Adventure ပါတယ်။ စွန့်စွန့်စားစားသရုပ်ဆောင်ရတာတွေပါတယ်။ ပြီးတော့ Action ပိုများတယ်။ ရုပ်ရှင်ရဲ့ ၇၀ ရာခိုင်နှုန်းက Action များတယ်။ သူ့အမျိုးအစားက ပြောရမယ်ဆိုရင် Entertainment ဖျော်ဖြေရေးဘက်ကိုသွားတယ်။ ဟိုလိုမျိုး အနုပညာတွေဘာတွေမပါဘူး။ အနုပညာ Art ဆန်တယ်ဘာတယ် အဲဒီလိုမဟုတ်ဘူး။ Commercial၊  Entertainment ဘက်ကိုသွားတယ်။ ကြည့်တဲ့အခါမှာ လူတွေက ဟိုဟာချ ဒီဟာချ ချတဲ့အခန်းတွေ Action တွေပြနေတယ်။ Entertain ဖြစ်တယ်။ ဖျော်ဖြေတယ်ပေါ့နော်။ ဒီရုပ်ရှင်က ဒီလောက်ပဲ။ ကျွန်တော်တို့အရမ်းကြီး ဟိုလို message ပေးတာ မပါဘူး။ ရိုက်ခဲ့တဲ့ Location တွေက ပြည်တွင်းထဲမှာဆိုရင် ရန်ကုန်မှာရိုက်တယ်။ မန္တလေးမှာရိုက်တယ်။ ဘားအံမှာရိုက်တယ်။ ပြီးတော့ အင်းဝမှာရိုက်ထားတယ်။ နိုင်ငံခြား Oversea အနေနဲ့ဆိုရင် ပြင်သစ်က ပဲရစ်မှာရိုက်ထားတယ်။ များသောအားဖြင့်တော့ ကျွန်တော်တို့ Local မှာရိုက်တာ ပိုများပါတယ်။

မေး။  အခု ဒုဌဝတီကိုလွန်၍ဆိုတဲ့ ကားကြီးက ပရိသတ်တွေကလည်း အရမ်းကိုမျှော်လင့်ထားကြတယ်။ အဲဒီအတွက် ဒီကားနဲ့ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေဆိုရင်ရော ဘာတွေဖြစ်မလဲ။

ဖြေ။ တကယ်တမ်းတော့ ကိုနိုင်နိုင်းနဲ့ ကိုဇော်ဇော်အောင် နှစ်ယောက်ပဲ အဟောင်းပါတာ။ ပရိုဂျူဆာကနေ ကားမောင်းတဲ့ ဒရိုင်ဘာအထိ အစအဆုံး ဒါရိုက်တာ DOP ရေးတဲ့ဇာတ်ညွှန်း အကုန်လုံးက အသစ်တွေချည်းပဲ။ အားလုံးက First Time သမားဖြစ်တယ်။ သူတို့အားလုံးရဲ့ ပထမဦးဆုံးလုပ်တဲ့ ပရောဂျက်ဖြစ်တယ်။ အဲဒီအတွက် လူတိုင်းမှာ စိန်ခေါ်မှုရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုဆိုတာ တိုင်းတဲ့ ပေတံတစ်ခုရှိတာပေါ့နော်။ ကျွန်တော်တို့ တစ်ကားကားနဲ့ယှဉ်ပြီးတော့ ဒီကားထက်ပိုကောင်းအောင် ရိုက်မယ်ဆိုတာမျိုးမရှိခဲ့ဘူး။ ကျွန်တော်တို့က လုံးဝအလွတ်သီးသန့်ကြီး ကိုယ်လုပ်ချင်တဲ့ဟာတစ်ခုကို လုပ်ချလိုက်တာ။ လုပ်ချလိုက်တဲ့ အချိန်မှာ အဲဒီတုန်းတည်းကလည်းသိထားပြီးသား။ အချစ်ကားတွေပဲရိုက်ရင်တော့ အချစ်ကားတွေကြားထဲမှာ ငါတို့တိုင်ပတ်သွားလိမ့်မယ်။ တစ်ခြား ဟာသကားရိုက်ရင်လည်း ဟာသကားတွေကြားထဲမှာ ငါတို့ကားပေါက်ပါ့မလား။ ယှဉ်စရာကများတယ်။ Action ကားကြတော့ ကျွန်တော်တို့အများကြီးမရိုက်ထားဘူး။ ပြီးတော့ ကျွန်တော်တို့ရိုက်တဲ့ ပုံစံမျိုးကိုလည်း ရှေ့မှာရိုက်တဲ့ဟာက ကျွန်တော်သိသလောက်မရှိဘူးလို့ထင်တယ်။ မရှိဘူးဆိုတော့ ကျွန်တော်တို့မှာ အရမ်းနှိုင်းယှဉ်ပြီးတော့ ဒီကားထက် ပိုကောင်းတယ် ပိုမကောင်းဘူးလို့ ယှဉ်စရာသိပ်မရှိဘူး။ ဒါပေမယ့် Action ကားအတွက် စိန်ခေါ်မှုက အဓိကဘာလဲဆိုတော့ ကျွန်တော်တို့ဒီကားကို Fighting Scenes တွေ တော်တော်များများကို ကြိုတိုက်ထားတာတွေအရင်လုပ်ရတယ်။ အဲဒီဟာအရေးကြီးဆုံးပဲ။ ဒီကားက တကယ်တမ်းကျတော့ တစ်ကားလုံးကို Rehearsal တစ်ခေါက်ရိုက်ထားပြီးသား။ အောင်ဆန်းကွင်းထဲက တိုက်ကွမ်ဒို ကျင့်တဲ့နေရာကို ကျွန်တော်တို့ငှားပြီးတော့ အရံ ဇာတ်ပို့တွေကအစ ကျွန်တော်တို့ အကုန်လုံးခေါ်ပြီးတော့ ကင်မရာသမားအကုန်လုံးပါတယ်။ အဲဒီလူတွေအကုန်လုံးနဲ့ ကျွန်တော်တို့ Rehearsal တစ်ကားလုံးရိုက်ထားတယ်။ အစမ်း ရိုက်ထားတဲ့ဟာတွေအကုန်လုံးကို ပြန်ဆက်တယ်။ အသံတွေလည်း ဖမ်းထားတယ်။ ဆက်ပြီးတော့ ဒုတိယမြောက်အခေါက်မှာမှ Scene ပေါ်မှာရိုက်တာ။ အဲဒီတော့ Scene ပေါ်မှာရိုက်တဲ့အခါမှာ ကျွန်တော်တို့ ခဏခဏ ရိုက်စရာမလိုဘူး။ တစ်ခေါက်တည်းပြီးသွားတာတွေများတယ်။ များတော့ အဲဒီ Fighting Scenes တွေမှာလည်း သိပ်ပြဿနာမရှိဘူးပေါ့နော်။ အဲဒါကတော့ ကျွန်တော်တို့ ဒီကားမှာ Prepare လုပ်ထားတဲ့ ဟာလေးပါ။

မေး။ ဒီဒုဌဝတီကိုလွန်၍ဆိုတဲ့ ကားကြီးက ပြည်တွင်းမှာပဲ မဟုတ်ဘဲ ပြည်ပမှာပါရိုက်ထားတယ်ဆိုတော့ ဘာကြောင့် ပြည်ပမှာပါရိုက်ဖြစ်တယ်ဆိုတာ သိချင်ပါတယ်။

ဖြေ။ ပထမအချက်က အားလုံးကငွေကြေးအနေအထားအရပေါ့နော်။ ဘတ်ဂျက်အရ၊ ဘာလို့ ဘတ်ဂျက်အရလဲဆိုတော့ ကျွန်တော်တို့က နယ်ကိုထွက်လိုက်ပြီဆိုတာနဲ့ စရိတ်အရမ်းကုန်တယ်။ အဲဒီတော့ ကျွန်တော်က အဓိက ပရိုဂျူဆာကို သက်သေပြချင်တာ။ အစ်ကို မန္တလေးမှာသွားရိုက်တာရယ် ဘားအံမှာ သွားရိုက်တာရယ်၊ ပြင်သစ်က ပဲရစ်မှာသွားရိုက်တာရယ် ကုန်ကျစရိတ်ကိုကြည့်လိုက်လို့၊ မန္တလေးက ပိုဈေးကြီးနေတယ်၊ ဘားအံကပိုဈေးကြီးနေတယ်။ ကျွန်တော်တို့ပြင်သစ်မှာသွားရိုက်တာ အဲဒီလောက်မကျဘူး။ ဒါကြီးက သူများကိုပြောရင် ဟာသလို့ပြောမယ် မယုံဘူး။ ကျွန်တော်သွားရိုက်ပြတယ်။ အစ်ကိုကြည့်လိုက် အဖြူမတစ်ယောက်ခေါ်လိုက် ကျန်တဲ့သရုပ်ဆောင်တွေခေါ်လိုက်။ ကျွန်တေ်ာတို့ဒီမှာ Location ငှားလိုက်။ ပါမစ်လျှောက်လိုက်။ ကျွန်တော်တို့နိုင်ငံမှာ ရိုက်တဲ့ဈေးတောင်မကျဘူးလို့။

ကျွန်တော်အဲဒီနေရာကို ရှေ့မှာနှစ်ခေါက်သွားထားပြီးသွားပြီ။ တတိယမြောက် ကျွန်တော်သွားတယ်။ Location ကောင်းတာသိတဲ့အတွက် ကျွန်တော်လိုက်ပြီး စမ်းတဝါးဝါးရိုက်စရာမလိုဘူး။ ဒီနေရာ ဒီနေရာ ဒီနေရာရိုက် ရိုက်ပြီးပြန်။ အဲဒီတော့ အချိန်အကြာကြီးရိုက်စရာမလိုဘူး။ တကယ်တမ်း ဟိုတယ်စရိတ်က ထားပါတော့ ငါးသောင်းပေါ့နော် ။ နှစ်ယောက်နေတဲ့အခန်းကို ငါးသောင်းဆိုတော့ ကျွန်တော်တို့ ပဲရစ်မှာ လူနှစ်ယောက်နေတဲ့ အခန်းက သုံးသောင်းပဲကျတယ်။ မင်းကဘယ်လိုလုပ်ရမှာလဲ ရအောင်သွားတတ်တာ ။ ကျွန်တော်တို့ နည်းလမ်းရှိတယ်။ ကျွန်တော်တို့ရအောင်သွားတတ်တယ်။ ရောက်လည်း ရောက်ဖူးတယ်။ နောက်လည်း ဒါမျိုးကားတွေ ဆက်ရိုက်နေရင် ဘတ်ဂျက်အတူတူကို ကျွန်တော်တို့နိုင်ငံခြားမှာ ထွက်ရိုက်လို့ရတယ်ဆိုတာ ပရိုဂျူဆာကို သက်သေပြချင်တယ်။ လူတွေက ထင်တာ။ နိုင်ငံခြား သွားရိုက်တယ်ဆိုရင် စားရိတ်အများကြီးတက်လာမယ်ပေါ့။ မဟုတ်ဘူး။ ကျွန်တော်ရိုက်ပြမယ်။ ကျွန်တော်ရိုက်ပြတယ်။ အဓိကက သက်သေပြလိုက်တာ။ လုပ်လို့ရတယ်။ သူယုံကြည်မှုတစ်ခု ရသွားတယ်ဆိုရင် ဟာ ဟုတ်တာပဲ ဘတ်ဂျက်လည်းအများကြီးမကျဘူး။ ဟိုမှာဆိုရင် ငါတို့ ဆင်းရိုက်လိုက်တာနဲ့ ဘယ်နေရာမဆိုလှနေတာပဲ။ ဒီမှာဆိုအဆင်မပြေဘူး။ Setting တွေပြန်ဆောက်နေရတယ်။ စားရိတ်က များတယ်။ သေချာပြန်တွက်လိုက်လို့ရှိရင် မြန်မာနိုင်ငံက ပိုဈေးကြီးနေတယ်။ အဲဒါဆိုနိုင်ငံခြားမှာသွားရိုက်မယ်။ အိုင်ဒီယာ သူတို့ပေါ်လာတယ်။ ဒါပေမယ့် ပထမကားကတော့ ကျွန်တော်တို့က သက်သေပြလိုက်တဲ့အနေနဲ့ ရိုက်လိုက်တယ်။ အနည်းငယ်လေးပေါ့။ ရှေ့ပိုင်း Intro ဘက်လေးကို ရွေးထားတယ်။ နောက်ကားတွေမှာတော့ ဒီဟာကိုယူပြီး တစ်ခြားနိုင်ငံတွေမှာ ကျွန်တော်တို့ ဆက်ရိုက်သွားဖို့ Plan လုပ်ထားတယ်။ အဲဒီအတွက် ကျွန်တော်တို့ထွက်ရိုက်လိုက်တာပါ။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။

တင်ဆက်သူ            ကျော်ဇောဟိန်း

ရိုက်ကူး                  ထွဋ်ထွဋ်နိုင်

တည်းဖြတ်              ကောင်းမြတ်မိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly