ကွန်ဖက်ဒရေးရှင်းဖလားမှာ ၎င်းအတွက် လက်ဆောင်တစ်ခုဟု ဂျာမနီနည်းပြ ဂျိုအာချင်လိုပြော

ကွန်ဖက်ဒရေးရှင်းဖလားမှာ ၎င်းအတွက် လက်ဆောင်တစ်ခုဟု ဂျာမနီနည်းပြ ဂျိုအာချင်လိုပြော

ဇွန် ၁၉၊ ရုရှား ။            ။ ဂျာမနီနည်းပြ ဂျိုအာချင်လိုက သူတို့အသင်း ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ကာကွယ်နိုင်ဖို့အတွက် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲက လက်ဆောင်တစ်ခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂျိုအာချင်လိုဟာ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲဝင်ဖို့အတွက် ကမ္ဘာ့ဖလားချန်ပီယံဂျာမနီအသင်းက အဓိက ကစားသမားတွေကို ချန်လှပ်ထားခဲ့ပြီး လူငယ်လူသစ်ကစားသမားတွေကို ရွေးချယ်ခဲ့ပါတယ်။ ဂျိုအာချင်လိုရဲ့ ဂျာမနီအသင်းဟာ ပျမ်းမျှအသက် ၂၄ နှစ်နဲ့ လေးလသာ ရှိပြီး ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲဝင်အသင်းအားလုံးထဲမှာ အသက်အငယ်ဆုံးအသင်းလည်း ဖြစ်ပါတယ်။

‘ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲက ကျွန်တော့်အတွက်တော့ လက်ဆောင်တစ်ခုပါပဲ။ ဒီပြိုင်ပွဲက လာမယ့်နှစ်မှာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ရောက်အောင်ကူညီပေးပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ပိုပြီးကောင်းမွန်စေပါလိမ့်မယ်။ ဒါကြောင့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲက အရေးကြီးတယ်လို့ ယုံကြည်ပါတယ်’

လူငယ်ကစားသမားတွေကို ရွေးချယ်ထားပေမယ့် ဂျာမနီအသင်းရဲ့ အဓိက ကစားသမားတွေအနေနဲ့ သူတို့နေရာအတွက် ပူပန်စရာမရှိဘူးလို့လည်း ဂျိုအာချင်လိုက ဆိုပါတယ်။ ဒါပေမဲ့ ဂျိုအာချင်လိုက ကမ္ဘာ့ဖလားဆုရှင်တွေရဲ့ ရွှေရောင်ကာလတွေဟာ တစ်ချိန်မှာ ပြီးဆုံးသွားမှာ ဖြစ်ကြောင်းနဲ့ နေရာပြိုင်ဆိုင်မှုက ဂျာမနီအသင်းအတွက် အလွန်ကောင်းကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီနေ့ည ကိုးနာရီခွဲမှာ ကစားရမယ့် သြစတြေးလျနဲ့အဖွင့်ပွဲစဉ်မှာလည်း ဂျာမနီလူငယ်ကစားသမားတွေအနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့လည်း နည်းပြ ဂျိုအာချင်လိုက ယုံကြည်လျက်ရှိနေပါတယ်။

ရည်ညွှန်း အေအက်ဖ်ပီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly