စီရော်နယ်ဒိုနှင့် မိုရာတာအတွက် ဒီဂီယာနှင့်ပေါင် ၁၈၃ သန်းပေးရန် မန်ယူအသင်း အဆင်သင့်ရှိ

စီရော်နယ်ဒိုနှင့် မိုရာတာအတွက် ဒီဂီယာနှင့်ပေါင် ၁၈၃ သန်းပေးရန် မန်ယူအသင်း အဆင်သင့်ရှိ

ဇွန် ၁၉၊ အင်္ဂလန် ။              ။ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုနှင့်ပတ်သက်ပြီး သတင်းများ အမျိုးမျိုးထွက်ပေါ်လျက်ရှိရာ ယခုနောက်ဆုံးသိရသည့် သတင်းမှာ မန်ယူအသင်းက စီရော်နယ်ဒိုနှင့် မိုရာတာတို့နှစ်ဦးအတွက် ဂိုးသမား ဒီဂီယာနှင့် ပေါင် ၁၈၃ သန်းပေးချေရန် အသင့်ရှိနေသည်ဆိုသည့် သတင်းဖြစ်သည်။

စီရော်နယ်ဒိုကို အခွန်ရှောင်တိမ်းသည်ဟု စပိန်အာဏာပိုင်များက စွပ်စွဲခဲ့ပြီးသည့်နောက် ပေါ်တူဂီတိုက်စစ်မှူးက စပိန်က ထွက်ခွာလိုကြောင်း ပြောဆိုခဲ့သည်ဟု သတင်းများဖြစ်ပေါ်ခဲ့သည်။ ထို့နောက်တွင် သတင်းပေါင်းစုံထွက်ပေါ်ခဲ့ရာ စီရော်နယ်ဒိုကို ခေါ်ယူလိုသည့် အသင်းနာမည်အများအပြားလည်း ထွက်ပေါ်လာခဲ့သည်။

စီရော်နယ်ဒိုက သူ၏လူမှုကွန်ယက်စာမျက်နှာတွင် ရီးယဲလ်အသင်းဂျာစီနှင့် ဓာတ်ပုံနေရာ၌ ပေါ်တူဂီအသင်းဂျာစီနှင့် ဓာတ်ပုံကို လဲလှယ်ခဲ့ပြီးနောက် ကောလာဟလသတင်းများက ပိုမို ပျံနှံလာခဲ့သည်။ ယမန်နေ့က ရီးယဲလ်နည်းပြ ဇီဒန်းနှင့် အသင်းခေါင်းဆောင်ရာမို့စ်တို့က စီရော်နယ်ဒိုကို အသင်းတွင် ဆက်နေရန် ဖုန်းဆက်ပြောဆိုခဲ့ကြသည်ဟု မာကာသတင်းစာက ဖော်ပြခဲ့သည်။

စီရော်နယ်ဒိုက သူ၏အခွန်များကို ရီးယဲလ်အသင်းက ပေးဆောင်လျှင် စပိန်တွင် ဆက်နေမည်ဆိုသော သတင်းများနှင့် ရီးယဲလ်ကပေးချေမည်ဆိုသော သတင်းများလည်း ဖြစ်ပေါ်ခဲ့သည်။ သို့သော် လက်ရှိတွင် ကာယကံရှင် စီရော်နယ်ဒိုနှင့် ရီးယဲလ်အသင်းက တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးသည့်အတွက် သတင်းများက ဆက်လက်ဖြစ်ပေါ်နေဦးမည် ဖြစ်သည်။ စီရော်နယ်ဒိုမှာ လက်ရှိတွင် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေသည့်အတွက် ရီးယဲလ်နှင့်မန်ယူ နှစ်သင်းစလုံးက ပြိုင်ပွဲအပြီးကို စောင့်ဆိုင်းလျက်ရှိသည်။

မန်ယူအသင်းသည် ရီးယဲလ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိနေရာက ယခု စီရော်နယ်ဒိုကိုပါ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly