သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသမီး ခါးပိုက်နှိုက်တစ်ဦး ဖမ်းဆီးရမိ

သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသမီး ခါးပိုက်နှိုက်တစ်ဦး ဖမ်းဆီးရမိ
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၁၈။             ။ YBS ကားပေါ်၌ ခါးပိုက်နှိုက်မှု ကျူးလွန်သူခဲ့သူ အမျိုးသမီးခါးပိုက်နှိုက်တစ်ဦးအား သင်္ဃန်းကျွန်းမြို့နယ်တွင် ဇွန်လ ၁၇ ရက်က ဖမ်းဆီးရမိကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်၌ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ စံပြဈေးကားမှတ်တိုင်တွင် YBS ၇ ပေါ်မှ ဆင်းလာသူ အမျိုးသမီးတစ်ဦးအား စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ သီရိ(ခ) မသီရိခင်၊ (၃၀)နှစ်အား မသင်္ကာတွေ့ရှိ သဖြင့် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းစစ်မေးရာ ၎င်း ကိုင်ဆောင်ထားသောလက်ဆွဲအိတ်အတွင်းမှ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်းနှင့် SONY အမျိုး အစားလက်ကိုင်ဖုန်းတို့အား တွေ့ ရှိခဲ့ရသည်။

၎င်းဖုန်းများနှင့် ပတ်သက်၍ စစ်ဆေးရာ ယာဉ်ပေါ်ပါခရီးသည် အမျိုးသားနှစ်ဦး၏ ဘောင်းဘီ နောက်အိတ်ကပ်အတွင်းမှ အသီးသီးနှိုက်ယူခဲ့သောဖုန်းများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် သီရိ(ခ)သီရိခင်အား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူဆောင် ရွက်လျက်ရှိပြီး ယင်းသို့ YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly