ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းစေရေး မူဝါဒဆွေးနွေးပွဲ ကျင်းပ

ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းစေရေး မူဝါဒဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်   ဇွန်  ၁၈ ။            ။ မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းစေရေးအတွက် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခြင်း မူဝါဒဆွေးနွေးပွဲကို ယနေ့ ဇွန်လ ၁၈ ရက်နေ့၊နံနက်ပိုင်းက ရန်ကုန် မြို့၊Inya Lake ဟိုတယ်တွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများ၏ မတူကွဲပြားမှုများနှင့် ရပ်ရွာများ တွင် စီးပွားရေးမညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ပုဂ္ဂလိက အခန်း ကဏ္ဍများနှင့်အားလုံးပါဝင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းစေရန် အစိုးရ၏မူဝါဒပိုင်းဆိုင်ရာ ကြိုးပမ်းမှုနှင့် ကိုင်တွယ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့အမြင်များကို ဆွေးနွေးခဲ့ကြသည်။

စီပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ)က မြန်မာနိုင်ငံ၏ စီးပွားရေးညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းစေရေးအတွက် စိန်ခေါ်မှုက ကြီးမားသည်ဟု ဆိုသည်။

"အဓိကစိန်ခေါ်မှု နှစ်ခုရှိတယ်။ တစ်ခုကတော့ အမွေဟောင်းပေါ့။ နှစ်ပေါင်းများစွာရရှိထားတဲ့ အမွေ ဟောင်းပေါ့။ အမွေဟောင်းက အခြေခိုင်နေတယ်။ ကောင်းတာတွေလည်းပါတယ်။ ဆိုးတာတွေလည်း ပါတယ်။ ကောင်းတာကတော့ ထားလိုက်ပါ။ ဆိုးတာတွေ ပြုပြင်ဖို့ကတော့ တော်တော်လေး ခက်ခဲတယ်။ ဒုတိယကတော့ လက်ရှိအခြေအနေပေါ့။ လက်ရှိမှာ ဆရာတို့ရဲ့ လက်ရှိရှိနေတဲ့ အဖွဲ့အစည်းတွေ၊ စည်းမျည်းစည်းကမ်းတွေ၊ လူတွေရဲ့ စွမ်းရည်က အားနည်းတယ်။ စိန်ခေါ်မှုကြီးက အကြီးကြီးပဲ။ စိန်ခေါ် မှုကြီးကို ဖြေရှင်းနိုင်မယ့် စွမ်းအားက သိပ်ပြီးတော့ ကြီးကြီးမားမားမရှိဘူး။ အဓိက ပြသနာက ဒါပဲ" ဟု ခင်မောင်ညို(ဘောဂဗေဒ)က ပြောသည်။

 ပြည်ထောင်စုအစိုးရအနေဖြင့် စနစ်ကျသော မူဝါဒတစ်ရပ် ချမှတ်ရန် လိုအပ်ကြောင်း မဇ္ဈိမမီဒီယာဂရု၏ ဒါရိုက်တာ ဒေါ်သင်းသင်းအောင်က ပြောသည်။

"ပြည်ထောင်စုအစိုးရအနေနဲ့လည်း တပြေးညီ အားလုံးပါဝင်တဲ့ ညီမျှတဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်လာဖို့ဆို ရင် တစ်ကယ်ကောင်းမွန်တဲ့၊ စနစ်တကျစီမံထားတဲ့မူဝါဒတစ်ရပ် ချမှတ်ဖို့ လိုတယ်။ ဆိုတော့ အဲဒီလို မူဝါဒ တစ်ရပ်ချမှတ်ဖို့လည်း အစိုးရတစ်ရပ်အနေနဲ့လည်း အဆင်သင့်ဖြစ်မှာပါ။ ဖြစ်ချင်တယ်၊ ချမှတ်ချင်တယ် ဆိုတာလည်း ယုံကြည်ပါတယ်" ဟု မဇ္ဈိမမီဒီယာဂရု၏ ဒါရိုက်တာ ဒေါ်သင်းသင်းအောင်က   ပြောသည်။

ယင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်များ၊ စီမံနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ၊ Mr Andriano Campolia ( Action Aid CEO) ၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဦးဇော်ဖေဝင်း (စီးပွားရေး အကြံပေး)၊ ဦးမြင့်အောင် ( ပုဂ္ဂလိကကဏ္ဍကျွမ်းကျင်သူ) ၊ ဦးမင်းခင်( အတွင်းရေးမှူး၊ ဗဟိုစီးပွားရေး ကော်မတီ) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်   နိုင်ငံရေးပါတီများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး Action Aid Myanmar ၊UMFCCI နှင့် မဇ္ဈိမတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly