ပျက်ကျတပ်မတော်ပို့ဆောင်ရေးလေယာဉ်၏ Black Box ရှာဖွေတွေ့ရှိ

ပျက်ကျတပ်မတော်ပို့ဆောင်ရေးလေယာဉ်၏ Black Box ရှာဖွေတွေ့ရှိ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ ဇွန် ၁၈ ။            ။ ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်၏ Black Box ကို ယနေ့ ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် FDR - Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recorder တို့ပါရှိသည့် Y-8 လေယာဉ်အမြီးပိုင်းအား ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကာ အဆိုပါ Black Box သည် လေယာဉ်ပျံသန်းမှုဖြစ်စဉ်အား မှတ်တမ်းတင်ထားသည့် ကိရိယာဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်က တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်သည်  မြိတ်မှ ရန်ကုန်သို့ ပျံသန်းစဉ် ပင်လယ်ပြင်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၂၂ ဦး လိုက်ပါလာခြင်းဖြစ်သည်။ အဆိုပါ Black Box ရှာဖွေတွေ့ရှိခြင်းသည် လေယာဉ် ပျက်ကျဖြစ်စဉ်အား စုံစမ်းနိုင်မည် ဖြစ်သည်။

လေယာဉ်အမြီးပိုင်းနှင့် အစိတ်အပိုင်းအချို့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရေအောက်မှ ရေပြင်ပေါ်သို့ ဆယ်ယူနိုင်ခဲ့ပြီး အဆိုပါ လေယာဉ်အမြီးပိုင်းတွင် FDR - Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recorder တို့ပါရှိပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းအား ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိသည်။

ဇွန် ၁၅ ရက်တွင် တွေ့ရှိခဲ့သည့် လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါ လေယာဉ်အမြီးပိုင်း နေရာပတ်ဝန်းကျင်တွင် အပိုင်းအစအချို့အားတွေ့ရှိပြီး ယနေ့ ဇွန်လ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ ဆယ်ယူနိုင်ခဲ့ပြီး လေယာဉ်အမြီးပိုင်းအား လေအိတ်များအသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ မတင်ဆယ်ယူခဲ့ကာ ညနေ ၃ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။

Y-8 လေယာဉ်၏ လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တပ်မတော်စစ်ရေယာဉ်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အောင်သုခ ဒေသခံငါးဖမ်းစက်လှေသည် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly