မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူးမြို့နယ် NLD ဥက္ကဋ္ဌ ရွေးချယ်ခံရ

မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူးမြို့နယ် NLD ဥက္ကဋ္ဌ ရွေးချယ်ခံရ

ပဲခူး၊ ဇွန် ၁၈ ။           ။ ပဲခူးတိုင်း ၊ ပဲခူးမြို့တွင် ဇွန်လ ၁၆ ရက်က ပြုလုပ်သည့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲတွင် ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ အောင်ခင် က မဲအများဆုံးရရှိခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ထိုနေ့မနက်ပိုင်းက ပဲခူးမြို့ သီရိဟံသာခန်းမတွင် ရွေးချယ်ပွဲပြုလုပ်ခဲ့ရာ မြို့နယ် NLD ဥက္ကဋ္ဌ ဒေါက်တာ အောင်ခင်က ၇၃မဲ ၊ ဒေါ်မြင့်မြင့်ေ၀ ဒုတိယမြို့နယ်ဥပဒေအရာရှိ အငြိမ်းစားက ၆၂ မဲ  ၊ ဦးမြင့်ဟန် လိပ်ပြာကန်ရပ်ကွက် ရပ်ကျေးNLD ဥက္ကဋ္ဌ က ၅၄ ဖြင့် အသီးသီး အနိုင်ရခဲ့ကြောင်း သိရသည်။

ဒုတိယမဲအများဆုံးရရှိထားသူ ဒေါ်မြင့်မြင့်ဝေက “ကျွန်မတို့ ပဲခူးမြို့က စည်းကမ်းပိုင်း လျော့ရဲနေ တယ်။ ဈေးက လမ်းအဆုံး စည်းကမ်းပိုင်းကို အရင် ကိုင်တွယ်မယ်လို့ စဉ်းစားထားတယ်”ဟု ဆိုသည်။

၎င်းရွေးချယ်ပွဲသို့ ကိုယ်စားလှယ်လောင်း ၁၁၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အများစုမှာ NLD ပါတီဝင် များဖြစ်သည်ဟုလည်း သိရသည်။ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်တစ်ဦးသည် လူသုံးဦး ကို ဆန္ဒပြုရွေးချယ်နိုင်သည့် အချင်းချင်းအပြန်အလှန်မဲပေးစနစ်ဖြင့် ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးခံရသူ ဒေါက်တာအောင်ခင်သည် အသက် ၇၅နှစ်အရွယ် ၊ စိုင်းတောင်ရပ်ကွက် ကမ်းနားလမ်းတွင် နေထိုင်သူဖြစ်ပြီး MBBS(Rgn)ဘွဲ့ ရထားသူ ဖြစ်သည်။ ဒုတိယမဲအများဆုံးရရှိသူ ဒေါ်မြင့်မြင့်ဝေသည် အသက် ၅၇ နှစ်အရွယ် ၊ သနပ်ပင်လမ်း ရှင်စောပုရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ တတိယမဲအများဆုံးရရှိသူ ဦးမြင့်ဟန်သည် အသက် ၆၃ နှစ် အရွယ် လိပ်ကန်အဆင့်မြင့်အိမ်ရာတွင် နေထိုင်သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly