Miss Universe Myanmar Organization က စစ်တွေမြို့ရှိရေဘေး သင့်ပြည်သူများကို လှူဒါန်းမည်

Miss Universe Myanmar Organization က စစ်တွေမြို့ရှိရေဘေး သင့်ပြည်သူများကို လှူဒါန်းမည်

Miss Universe Myanmar Organization က စစ်တွေမြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းရန် စီစဉ် ထားပြီး လက်ရှိတွင် အလှူငွေများ ကောက်ခံလျက်ရှိကြောင်း Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေ က မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများကို သြဂုတ် ၁ ရက်မှ စတင်ကာ ကောက်ခံလျက်ရှိ ပြီး လက်ရှိတွင် အလှူငွေစုစုပေါင်း ကျပ်သိန်း ၃၀ ရရှိထားပြီး ဖြစ်သည်။

ဒေါ်စိုးယုဝေ က  "စစ်တွေကို ဦးစားပေး လှူဒါန်းမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်က ရေကြီးတာရော မုန်တိုင်းဒဏ်ကော ခံရတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေတော့ ကားလမ်းက လည်း သွားဖို့ အဆင်မပြေ တော့ဘူး ဆိုတော့ အဲဒီကို ဦးစားပေးအနေနဲ့ လှူဒါန်းမှာပါ" ဟု  ပြောသည်။

လက်ရှိတွင် အလှူငွေများကို ကောက်ခံလျက်ရှိပြီး လှူရန်စာရင်းပေးထားသည့် သူများထံသို့ Miss Universe Myanmar Organization အဖွဲ့အစည်းနှင့်အတူ အလှမယ်များ ကိုယ်တိုင်သွားရောက်ကောက်ခံ မည်ဖြစ်သည်။ ကောက်ခံရရှိသည့် အလှူငွေများကို ယခုတစ်ပတ်အတွင်း လှူဒါန်းရန်လည်း စီစဉ်ထားသည်။

ဒေါ်စိုးယုဝေက "သွားလှူဖို့ ပို့ပေးမယ့် လေကြောင်းလိုင်းရှိရင်တော့ လေကြောင်းလိုင်း၊ မရှိရင် စရိတ်ကုန်တာပဲ အဖတ်တင်မယ်လေ။  ကုန်ကျမယ့် ငွေကြေးကို လှူမယ့်အထဲ ထည့်လိုက်တာက ပိုပြီးထိရောက်မယ်လို့လည်း စဉ်းစား နေတယ်။ တကယ်လို့ ကိုယ်တိုင် မသွားဖြစ်ရင်တော့ ဟိုဘက်မှာ လှူနေတဲ့ အဖွဲ့ကို လှမ်းပို့လိုက်မှာပါ" ဟု ဆက်လက် ပြောသည်။

Miss Universe Myanmar Organization က ဦးဆောင်ပြီး အလှမယ် သျှားထွဋ်အိန္ဒြာ နှင့်အတူ အလှမယ်များ ဖြစ်ကြသည့် အေးချမ်းမိုး ၊ ယွန်းမီမီကျော်တို့သည် မတ်လ ၁၈ ရက်တွင် လားရှိုးမြို့ စစ်ဆေးရုံရှိ ဒဏ်ရာရ စစ်သည်များ အပြင် မန်ဆူ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက်လည်း အစားအသောက် အလှူငွေများ ပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly