ဆက်သွယ်ရေးပုဒ်မက ပြည်သူတွေကို တကယ်အကာအကွယ်ပေးနေသလား

ဆက်သွယ်ရေးပုဒ်မက ပြည်သူတွေကို တကယ်အကာအကွယ်ပေးနေသလား

ရန်ကုန်၊ ဇွန် ၁၇ ။                   ။ လတ်တလောမှာ သတင်းမီဒီယာအကြား ရေပန်းစားနေတဲ့ အကြောင်းအရာကတော့ ပုဒ်မ ၆၆(ဃ)ပါ။ ၂၀၁၃ခုနှစ် အောက်တိုဘာ ၈ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၈၆ ခု အနက် နာမည်အကြီးဆုံး ပုဒ်မလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း (၇၀)ခန့် ရှိနေတယ်လို့ သိရပါတယ်။ အများစုဟာ ပြည်တွင်းမှာ အသုံးတွင်ကျယ်နေတဲ့  လူမှုကွန်ရက် ဖေစ့်ဘွတ်ခ်ပေါ်မှာ ကိုယ်တိုင်ရေးသားခြင်း သို့မဟုတ် ပြန်လည်မျှဝေခြင်း ပြုလုပ်တာကြောင့် တရားစွဲခံရတာပါ။ လက်ရှိမှာလည်း ပြည်တွင်းက မီဒီယာသမားအချို့ ဒီပုဒ်မနဲ့စွဲဆိုခံထားရတာတွေလည်း ရှိနေပါတယ်။  ဒီဥပဒေက ဆက်သွယ်ရေးဝန်ဆောင်မှုအသုံးပြုနေတဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ ပြဋ္ဌာန်းထားတာ ဖြစ်ပေမယ့် တကယ် ပြည်သူတွေကို အကာအကွယ်ပေးနေသလားဆိုတာနဲ့ ပတ်သက်ပြီး စကားသံအချို့ကို စုစည်းတင်ဆက်ထားပါတယ်။

မဝေဖြိုးမြင့် ( ၆၆-ဃ ဖျက်သိမ်းရေး၊ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့)

အခုလက်ရှိမှာဆိုရင် ဒါဥပဒေအရ ဒီလိုမျိုး ပြဌာန်းတယ်ဆိုပေမယ့် ဒီလိုဖြစ်တဲ့အမှုတွေကို ကြည့်လိုက်ရင် အခု အမှုပေါင်း ၇၀ ပေါ့နော်။အဲ့ဒီ ၇၀ထဲမှာ မီဒီယာကို တရားစွဲတာ ဆယ်ခု ပါ ပါတယ်။ ဒါ ဆိုလိုတဲ့သဘောက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ဆိုတာကို ခြိမ်းခြောက်နေတယ်။ အဲ့တစ်ချက်တည်းကို ကြည့်ရုံနဲ့တင်ကို လက်ရှိရှိနေတဲ့ ၆၆(ဃ)ဟာ လူထုကို အကာအကွယ်ပေးသလား၊ မပေးဘူးလားဆိုတာကတော့ အဖြေက ရှင်းနေတဲ့ အနေအထားလည်း ရှိနေပါတယ်။

ဦးရဲထွဋ် (စာရေးဆရာ ဝင်းထွဋ်ဇော်) (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ပြည်သူလူထုကို အကာအကွယ်ပေးနိုင်တယ်လို့တော့ တကယ်ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ မယူဆဘူး။ လောလောဆယ် တခြားဥပဒေတွေလည်း ရှိနေတယ်။ ရာဇသတ်ကြီး ဥပဒေတွေ ရှိနေတယ်။ အဲ့တော့ ဒီ ၆၆(ဃ) ရှိခြင်းဖြင့် ဒီနေ့ မီဒီယာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်တွေကို ထိပါးနေတယ်။ နောက်ပြီးတော့ ပိုပြီးတော့လည်း ဥပဒေမဆန်ပဲနဲ့ တစ်ယောက်ယောက်က မုန်းလို့၊ ကြားက ဝင်ပြီးတော့ အမြတ်ထုတ်ချင်လို့ ၊တစ်ယောက်ကို အနိုင်အထက် ပြုချင်လို့ တရားစွဲခွင့် ရှိနေတယ်။ ကြားထဲကနေ တရားဝင်စွဲခွင့် ရှိနေတယ်။ အဲ့ဒါက ဥပဒေအရဆို မမှန်ဘူးလေ။

ကိုကောင်းမြတ်နိုင် (အယ်ဒီတာ ၊ သဇင်ပန်းခိုင် ဂျာနယ်)

သူတို့ပြောတာကတော့ ပြည်သူတွေကို ကာကွယ်ပေးဖို့လို့တော့ ပြောပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ပြည်သူလူထုကို အကာအကွယ်ပေးတာမျိုး မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုတွေကို ကြည့်လိုက်မယ်ဆိုရင် ပြည်သူလူထုက စွဲဆိုတာ မဟုတ်ပဲ နိုင်ငံ့အကြီးအကဲတွေရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ အစိုးရဝန်ထမ်းတွေ ဖြစ်နေတယ်ဆိုတော့ ဒါက ပြည်သူလူထုကို အကာအကွယ်ပေးတာမဟုတ်ပဲ ဒီဥပဒေက ပြည်သူလူထုကို အနှောင့်အယှက်ဖြစ်နေတယ်၊ အနိုင်အထက် ပြုနေတယ်လို့ ကျွန်တော် မြင်ပါတယ်။

ဦးဟန်ဇော် (အတွင်းရေးမှူး၊ PEN Myanmar)

၆၆(ဃ)နဲ့ ပတ်သတ်တာက တကယ်တမ်းကျတော့ ဆက်သွယ်ရေးဥပဒေမှာပါတဲ့ ၆၆ ရဲ့ (ဃ) ပေါ့နော်။ အဲ့ထဲမှာပါတဲ့ဟာတွေကတော့ အွန်လိုင်းအသုံးပြုပြီးတော့ အသုံးပြုနေသူ အားလုံးကို အကာအကွယ်ပေးဖို့ ဆိုပြီးတော့ ရည်ရွယ်ထားတဲ့ ဥပဒေတစ်ခုဖြစ်တယ်။ ဒါပေမဲ့ အဲ့ဥပဒေတွေက အားနည်းချက်တွေ ရှိနေတယ်။ ဥပဒေထဲမှာ ဖွင့်ဆိုထားတဲ့ ဖွင့်ဆိုချက်တွေရယ်၊ ဥပဒေရဲ့ ပေးထားချက်တွေရယ်က အကာအကွယ်ပေးဖို့အတွက် လုံလောက်ပြည့်စုံမှု မရှိဘူး။ အဲ့ဒီအခါမှာ ဥပဒေကို လက်နက်သဖွယ် အသုံးပြုပြီးတော့ တခြားသော ကိစ္စရပ်တွေမှာ အသုံးပြုနေတာ တွေ့ရတယ်။

ဦးစိုးသီဟ (ဥက္ကဋ္ဌ၊ မျိုးဆက်သစ်အင်အားစု မြန်မာပြည် အဖွဲ့)

ဒီ ၆၆(ဃ)ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနဲ့ လုံးဝမညီဘူး။ နောက် မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြန်မာပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ကျွန်တော်တို့ လုံး၀ ပြောချင်ပါတယ်။ အဲ့ဒါကြောင့် လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ ဒီ ၆၆(ဃ) ဟာ ဒီနေ့ခေတ် မြန်မာပြည်မှာ မရှိသင့်တော့ပါဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly