ကျောက်တံတားမြို့နယ် နောက်ဖေးလမ်းကြားများတွင် တပ်ထားသည့် CCTV များ အသုံးမချနိုင်သေး

ကျောက်တံတားမြို့နယ် နောက်ဖေးလမ်းကြားများတွင် တပ်ထားသည့် CCTV များ အသုံးမချနိုင်သေး

ရန်ကုန်၊ ဇွန် ၁၇ ။          ။ ကျောက်တံတားမြို့နယ်ရှိ နောက်ဖေးလမ်းကြားများအတွင်း တပ်ဆင်ထားသည့် CCTV အလုံး ၃၀၀ ကျော်မှာ တပ်ဆင်ထားသည်မှာ ၄ လခန့်ရှိပြီဖြစ် သော်လည်း အသုံးမချနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်။

ကျောက်တံတားမြို့နယ်အတွင်း CCTV အလုံး ၃၀၀ ကျော်အနက် ၂၈၀ကျော် ခန့်မှာ နောက်ဖေးလမ်းကြားများတွင် တပ်ဆင်ထားခြင်းဖြစ်သည်ဟု ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်မြလှစံက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ CCTV အလုံးပေါင်း ရာဂဏန်းခန့်မှာ ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား စသည့် မြို့နယ်များတွင် ဒုစရိုက်မှုများ လျော့ပါးစေ ရန်နှင့် ပြည်သူများ၏ လူမှုဘ၀ လုံခြုံရန် ပြည်ထောင်စုလွှတ်တော်မှ ချမှတ်ပေးသည့် ဘတ်ဂျက်ငွေ သိန်းတစ်ထောင်ဖြင့် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါနောက်ဖေးလမ်းကြားများတွင် တပ်ဆင်ထားသည့် CCTV များမှတစ်ဆင့် အမှိုက်ပစ်သည့်ကိစ္စများကိုစောင့်ကြည့် အရေးယူရန် ဆောင်ရွက် နေဆဲဖြစ်သည်ဟု လည်း ဒေါ်မြလှစံက ဆက်လက်ပြောသည်။

“ လမ်းဘေး၊ လမ်းကြား အမှိုက်ပစ်တာတို့ကို အရေးယူဆောင်ရွက်ဖို့ပဲ ။ သို့သော်လည်း အခုထက်ထိ လုပ်လို့မပြီးသေးဘူး အရေးယူဆောင်ရွက်ဖို့ အပိုင်းကို ဘယ်သူမှမလုပ်နိုင်သေးဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော စည်ပင်သာယာရော ကိုယ်စားလှယ်တွေရော ပြည်သူတွေရော သာယာ ရေးအဖွဲ့ပါ အပါပေါ့ ။ ပူးပေါင်းပြီးတော့ အမှိုက်မပစ်အောင် CCTV နဲ့ဘယ်လိုစောင့်ဖမ်းမလဲ။ ဒါကတော့ အရေးယူဖို့ အပိုင်းကို တိုင်ပင်ဆွေးနွေးရဦးမယ် “ ဟု  ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေရေးဆွဲနေပြီး အတည်ပြုပြီးမှသာ အရေးယူမှုအပိုင်းလုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဘတ်ဂျက်တစ်ထောင်ဖြင့် ပန်းဘဲတန်းမြို့နယ်၌ CCTV အလုံးရေ ၁၃၀ ခန့် တပ်ဆင်ထားပြီး စောင့်ကြည့်ထိန်းချုပ်ရေးစင်တာကို မြို့နယ်ရဲတပ်ဖွဲ့ရုံးတွင် ထားရှိထားကာ၊ ကျောက်တံတားမြို့နယ်၌ CCTV အလုံးရေ ၃၅၀ နီးပါးတပ်ဆင်ထားကာ စောင့်ကြည့်ထိန်းချုပ်ရေးကို ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးရုံးများတွင် ထားရှိပေးထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များအနေဖြင့် လုံခြုံရေးအရ အဓိကလိုအပ်ချက်များအတွက် CCTV များတပ်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ကြည်ပြာက မတ် ၁၁ တွင်မဇ္ဈိမသို့ ဖြေကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly