ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ကျဆင်း

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ကျဆင်း
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ ဇွန် ၁၇ ရက်။               ။ ၂၀၁၆ - ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်မြင့်မှုနှုန်းမှာ ၁၇ ဒသမ ၁၆ ရာခိုင်နှုန်းသာရှိပြီး ယခင်နှစ်ထက် ကျဆင်းခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသားဦးရေ  ၃၈၄၄၀ ဦးဖြေဆိုခဲ့ရာ ၆၅၉၈ ဦးသာ အောင်မြင်သည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများထဲတွင် ရခိုင်ပြည်နယ်သည် အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။

“ဒီနှစ်စာမေးပွဲအောင်မြင်တဲ့ကျောင်းသူ/သား ၆၅၉၈ ယောက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့စာရင်တော့ အောင်ချက်နည်းတာပေါ့။ တစ်နိုင်ငံလုံးမှာ အနိမ့်ဆုံးအောင်ချက်လို့ ပြောနိုင်ပါတယ်။”ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ယင်းသို့ ကျောင်းသားများအောင်ချက်ရာခိုင်နှုန်း နည်းပါးခြင်းမှာ ပြီးခဲ့သည့်စာမေးပွဲတွင် ခိုးချခွင့်၊ ခိုးကူးခွင့် စသည့်မသမာမှုများကို လုံးဝတင်းကျပ်ထားခဲ့သည့်အတွက်ကြောင့်ဖြစ်ပြီး ယခု စာမေးပွဲအောင်မြင်ခဲ့သည် ကျောင်းသူ/သားများမှာ အမှန်တကယ်ဖြေဆိုနိုင်ခဲ့သူများသာဖြစ်ကြောင်း ဦးအောင်ကျော်ထွန်းကပြောသည်။

“အောင်ချက်ရာခိုင်နှုန်းမြင့်ဖို့ကတော့ ကျောင်းသား/သူ တွေနဲ့ပဲ ဆိုင်ပါတယ်။ မိမိကိုယ်တိုင် ကြိုးစားလိုစိတ် သင်ယူလိုစိတ်ရှိပြီးတော့ ဆရာ/ရာမတွေ၊ ကျောင်းသားမိဘတွေအနေနဲ့လည်း တစ်စုတစ်စည်းတည်း ပံ့ပိုးကူညီပေးလို့ ရှိရင်တော့ အောင်ချက်ရာခိုင်နှုန်းကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် ပညာရေးမှူးက  ပြောသည်။

ရခိုင်ပြည်နယ်၏ ၂၀၁၅/၁၆ ခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ ၂၁  ဒသမ ၁၉ ရာခိုင်နှုန်း အထိရှိနေခဲ့သော်လည်း ယခုနှစ်တွင် ၁၇ ဒသမ ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း တစ်နိုင်ငံလုံးတွင် မွန်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၄၁ ဒသမ ၁၂ နှင့် အမြင့်ဆုံးနေရာတွင် ရှိကြောင်း သိရသည်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly