ရန်ကုန်မြို့ရှိ မြို့နယ် ၃ မြို့နယ် အချိန်ကြာကြာ မီးပြတ်မည်

ရန်ကုန်မြို့ရှိ မြို့နယ် ၃ မြို့နယ် အချိန်ကြာကြာ မီးပြတ်မည်
Photo YESC Call Center FB

ရန်ကုန်၊ ဇွန်၁၇ ။                   ။ ဓာတ်အားလိုင်းပိတ်မှုကြောင့် မီးပြတ်တောက်သွားမည့် မြို့နယ်များတွင် ကမာရွတ်မြို့နယ် လှိုင်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်များတွင် တခြားသောမြို့နယ်များထက် အချိန်ကြာ မီးပြတ်မည်ဖြစ်ကြောင်း  သိရသည်။

ယနေ့ ဇွန် ၁၇ ရက် နေ့လည် ၁၂ နာရီမှ စတင်ပြီး ဇွန်၁၈ ရက် ညနေ၆နာရီ အတွင်း နာရီ ၃၀ ကြာ လျှပ်စစ်မီးပြတ်တောက်မည် ဖြစ်သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) က ကြေညာထားသည်။

"အဲဒီမှာ အများဆုံးဖြစ်မှာက ကမာရွတ်ရယ် လှိုင်ရယ် စမ်းချောင်းရယ်၊ အများဆုံးနှစ်နာရီခြား နှစ်နာရီခြားပေးပါမယ် ။ အိမ်တစ်အိမ်က မနက်ကို နှစ်ကြိမ်ရယ် ၊ တစ်နေ့ သုံးကြိမ်လောက်တော့ ရှိမယ် အနည်းဆုံး"ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) က အင်ဂျင်နီယာချုပ် ဦးစောမောင် ကပြောသည်။

နာရီ ၃၀ ကြာ လျှပ်စစ်မီးပြတ်တောက်မည့် မြို့နယ်များမှာ လှိုင်သာယာမြို့နယ်ရှိ အမှတ်(၅၃၂) ခြေမြန်တပ်ရင်း၊ စက်မှုဇုန်(၁၊၆)၊ စက်မှုဇုန်(၂၊၃၊၄)၏ တစ်ချို့နေရာများ ဒိုင်စု၊ ညောင်ရွာ၊ အတွင်းပဒံ၊ အပြင်ပဒံကျေးရွာများ၊ ကမာရွတ်မြို့နယ်ရှိ (၁၇၊၁၈၊၁၉၊၂၀) ရပ်ကွက်များ၊ လှိုင်မြို့နယ်ရှိ ရပ်ကွက်(၁)မှ စ၍ (၁၆)ရပ်ကွက်များ၊ စမ်းချောင်းမြို့နယ် (တောင်၊မြောက်)၊ မုန့်လက်ဆောင်းကုန်း (တောင်၊မြောက်)ရပ်ကွက်၊ ဝေဠုဝန်(တောင်၊မြောက်) ရပ်ကွက်၊ ကျွန်းတော (တောင်၊မြောက်) ရပ်ကွက်များ ပါဝင်မည်ဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်ရာတွင် လျှပ်စစ်အား အသုံးများသောအချိန်ဖြစ်သည့် ညနေ(၄)နာရီမှ (၈)နာရီကြားတွင် ပြတ်တောက်မည်ဖြစ်ပြီး နာရီ ၃၀ လုံး ဆက်တိုက် မီးပြတ်မည်မဟုတ်ကြောင်း YESC မှ သိရသည်။

လှိုင်သာယာမြို့နယ်တွင် ဓာတ်အားခွဲရုံတည်ဆောက်နေပြီး လက်ရှိလျှပ်စစ်ဓာတ်အားပေးနေသော ၂၃၀ကေဗီ ရှိ မဟာဓာတ်အားလိုင်းကို ချိတ်ဆက်လိုသည့်အတွက်ကြောင့် ပြတ်တောက်ရခြင်း ဖြစ်သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) မှအင်ဂျင်နီယာချုပ် ဦးစောမောင် ကဆိုသည်။

ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက လှိုင်သာယာမြို့နယ်တွင် လျှပ်စစ်မီးမပေးနိုင်သော ဧရိယာများကို ပြန်လည်ရရှိစေမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly