သူရဦးတင်ဦး ဆေးရုံမှဆင်းနိုင်မည့် အနေအထားထိ တိုးတက်ကောင်းမွန်လာ

သူရဦးတင်ဦး ဆေးရုံမှဆင်းနိုင်မည့် အနေအထားထိ တိုးတက်ကောင်းမွန်လာ
ဓာတ်ပုံ - ဘိုဘို

ရန်ကုန်၊ဇွန်၁၇ ။                ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယကသူရဦးတင်ဦး၏အခြေအနေမှာ နေအိမ်တွင် လေ့ကျင့်ခန်းလုပ်နိုင်ရန်အသင့်ဖြစ်ပါက ယခုပင်ဆေးရုံမှဆင်းနိုင်သည့် ကျန်းမာရေးအခြေအနေရှိနေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကိုက ပြောသည်။

သူရဦးတင်ဦးမှာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီး လူနာကို နေအိမ်တွင် လေ့ကျင့်ခန်းလုပ်ပေးနိုင်မည့်သူများရှိလျှင် ယခုပင် ဆေးရုံမှဆင်းနိုင်ကြောင်း သိရပြီး မိသားစုဝင်များအား လေ့ကျင့်ခန်းပြုလုပ်ရာတွင် ကူညီနိုင်ရန် ဆေးရုံကြီးမှ သင်ကြားပေးနေကြောင်း သိရသည်။

"ဆင်းမယ်ဆိုရင် စကားပြောနိုင်မှု လေ့ကျင့်ခန်းတို့ လှုပ်ရှားနိုင်မှုလေ့ကျင့်ခန်းတို့ လိုလိမ့်မယ် ။ဒါကြောင့် လူနာစောင့်တွေနဲ့ မိသားစုကို သင်ပေးနေတာ"ဟု သူက ဆက်ပြောသည်။

သူရဦးတင်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စတင်တက်ရောက်သည့်နေ့မှစ၍ တစ်လနီးပါးကုသရာတွင် ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်လာခြင်း ဖြစ်သည်။ ညာဘက်တစ်ခြမ်းလေဖြတ်ထားသော်လည်း ညာဘက်လက်အနည်းငယ်လှုပ်ရှားနိုင်ခြင်း။ စကားသံ မပီသသေးသော်လည်း စကားပြောနိုင်ခြင်းတို့ ပြုလုပ်နိုင်ပြီဖြစ်သည်။

"ကျွန်တော်တို့ ဆရာဝန်ကြီး (၁၅)ယောက်နဲ့ လူနာရှင်နဲ့တိုင်ပင်ပြီး ဆင်းသွားရမှာဖြစ်တယ် အစောဆုံးကတော့ အခုလကုန်ပေါ့ ။ ဇွန်လကုန်"ဟု ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကို ကဆိုသည်။

NLD နာယကတာဝန်ယူထားသည့် သူရဦးတင်ဦးသည် မေလ ၁၇ရက် ည၁၁နာရီတွင် နေအိမ်ရှိ ရေချိုးခန်းတွင်သတိလစ်ပြီး ၁၈ရက်နေ့မနက်မှာ ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် ဦးနှောက်နှင့်အာရုံကြောဌာန၊ အထူးကြပ်မတ်ကုသဌာန နှင့် နှလုံးရောဂါအခြေခံရှိနေသည့်အတွက် နှလုံးရောဂါကုဌာနတို့ကို ရွေးပြောင်းကုသခဲ့ရသည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကို ပြောသည်။

သူရဦးတင်ဦး ဆေးရုံစတင်တက်ရောက်သည့်နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် အာဏာရNLD ပါတီမှ ဝန်ကြီးများ၊ အမတ်များနှင့် ပါတီဝင်များ လာရောက်ကြည့်ရှု့ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly