UNFC အဖွဲ့ဝင်သစ်တိုးပါက အစိုးရအနေဖြင့် ဆက်လက်ညှိနှိုင်းသွားမည်မဟုတ်

UNFC အဖွဲ့ဝင်သစ်တိုးပါက အစိုးရအနေဖြင့် ဆက်လက်ညှိနှိုင်းသွားမည်မဟုတ်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ရန်ကုန် ၊ ဇွန် ၁၇ ။                 ။ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အနေဖြင့် အဖွဲ့ဝင်သစ်များ တိုးလာမည်ဆိုပါက အစိုးရအနေဖြင့် ဆက်လက်ညှိနှိုင်းသွားမည် မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ဆွေးနွေးဆောင်ရွက်ခဲ့တဲ့အဖွဲ့တွေကလွဲလို့ ကျန်တဲ့အဖွဲ့သစ်တွေကို ကျွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ဘူး" ဟု ဦးဇော်ဌေးက ဆိုသည်။

ယမန့်နေ့ ဇွန်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အစိုးရကိုယ်စားလှယ်ဖြစ်သည့် ငြိမ်းချမ်းရေးကော်မရှင်  အကြံပေးအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦး ဦးဆောင်သည့်အဖွဲ့နှင့် ယူအင်န်အက်ဖ်စီ၏ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် (ဒီပီအင်န်) တို့   တွ့ဆုံမှုတွင် အစိုးရ၏ သဘောထားကို  အစိုးရ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့သည်။

ရက္ခိုင့်တပ်မတော် AA အပါအဝင်၊ ဇိုမီး အဖွဲ့၊ ကူးကီးအဖွဲ့များမှ ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် အသစ်များအဖြစ် ပါဝင်ရန် လျှောက်ထားမှုများ ရှိနေခဲ့သည်ဟု သိရသည်။

UNFC ညီလာခံကို ယခုလ ၂၀ ရက် တွင် စတင်ကျင်းပမည်ဖြစ်ပြီး အဆိုပါညီလာခံ၌ အဖွဲ့ဝင်အသစ် တိုးမတိုးကို ဆွေးနွေးမည် ဖြစ်သည်ဟု UNFC တွဲဖက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က   ပြောဆိုထားသည်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် မွန်ပြည်သစ်ပါတီ(NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့မှ ဦးဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly