ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမှ စျေးသည်များ ဖယ်ရှားသည့်ကိစ္စ ကြီးကြပ်ရေးကော်မတီ ဆက််ညှိနှိုင်းမည်

ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမှ စျေးသည်များ ဖယ်ရှားသည့်ကိစ္စ ကြီးကြပ်ရေးကော်မတီ ဆက််ညှိနှိုင်းမည်

ပြည်၊ ဇွန် ၁၆ ။            ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ဈေးသည်များ ဖယ်ရှားခိုင်းသည့် ကိစ္စကို ဆေးရုံကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ ဆက်လက်ညှိနှိုင်းသွားမည်ဟု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးးမှူး ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မေသွင်က ပြောသည်။

“ကြီးကြပ်နဲ့ လုပ်တာဖြစ်တဲ့အတွက် ကြီးကြပ်နဲ့ပဲ ညှိနှိုင်းရမယ်”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်က ဆိုသည်။

ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီး ဆေးရုံဝန်းအရှေ့ဘက် မြေကွက်လပ် နှင့် ခွဲစိတ်ဆောင် အနောက်ဘက် မြေကွက်လပ်များတွင် ထမင်းဆိုင် ၊  သစ်သီးဆိုင် ၊ အထည် ဆိုင် စုစုပေါင်း ဈေးသည် ၁၆ ဦးရှိပြီး ဆေးရုံကြီး ကြပ်ကော်မတီက အစည်းအဝေးပြုလုပ်ကာ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းရန် တစ်လကြိုတင်အသိပေးခဲ့သည်။

သို့သော် ဈေးရောင်းချသူများက မေလ ၃၁ ရက်နေ့စွဲဖြင့် အသနားခံစာပြန်လည်တင်ပြခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့ အထိ ရောင်းချလျှက်ရှိသည်။ ထို့ကြောင့် ဇွန်လ ၂၂ ရက် (သို့) ၂၃ ရက်နေ့တွင် ပြုလုပ်မည့် ဆေးရုံကြီးကြပ်ရေး ကော်မတီ အစည်းအဝေးတွင် ထပ်မံတင်ပြ ဆွေးနွေးသွားမည် ဟု ဆေးရုံအုပ်ကြီး ကဆိုသည်။

မြောင်းထဲ ထမင်းရည်ငှဲ့ခြင်း ၊ စားကြွင်းစားကျန်နှင့် အမှိုက်များ ကြုံသလိုစွန့်ပစ်ခြင်း ၊ ကျန်းမာရေးနှင့် မညီသော အစားအသောက်များ ရောင်းချခြင်း ၊ ကုသဆောင်များအတွင်း ဝင်ရောက်   ဈေးရောင်းချခြင်း တို့ကြောင့် ဆေးရုံသန့်ရှင်း သာယာလှပရေးအတွက် ဈေးဆိုင်များ ဖယ်ရှားခြင်းဖြစ်သည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင် ကပြောသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကြာရောင်းချလာသည့် ဈေးသည်အချို့ရှိပြီး  ဆေးရုံကထိန်ပွဲနှင့် အောက်ဆီဂျင် လှူဒါန်းခြင်းများကို ဈေးသည်များက ဆောင်ရွက်ပေးခဲ့ကြောင်း နိုင်ငံတော်သို့ အခွန်ဆောင်၍ တရားဝင်ရောင်းချလိုကြောင်း ဈေးသည်တစ်ဦးက ပြောသည်။

“ကျွန်မတို့က ဈေးရောင်းမှစားရတာပါ။ စားဝတ်နေရေးအဆင်ပြေရုံလောက်ပဲ ။ အရမ်းကြီး စီးပွားရေး ဖြစ်မသွားပါဘူး။ ဈေးထဲမှာလည်း တိုးလို့မရဘူးလေ။ သင့်တဲ့နေရာလေးတွေပေးရင် သတ်မှတ်တဲ့ အခွန်ဆောင်ပြီးရောင်းပါ့မယ်”ဟုဆိုသည်။

၎င်းဆေးရုံတွင် ၂၄ နာရီ ဆေးဆိုင် တစ်ခု ၊ ဆိုင်ခန်း ၅ ခန်း ၊ စက်ဘီး စတန်း ၃ ခု ၊ အိမ်သာ ၇ လုံးသည် တရားဝင် အခွန်ဆောင်လုပ်ကိုင်နေပြီး ယခု ဖယ်ရှားသော ဈေးဆိုင်များသည် အခွန်အခ ပေးဆောင် ထားခြင်းမရှိဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly