ပဥ္စမအကြိမ်မြောက် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် မြန်မာကားများ ပြသမှုများလာ

ပဥ္စမအကြိမ်မြောက် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် မြန်မာကားများ ပြသမှုများလာ

ဇွန်လ ၁၆ ။            ။ ပဉ္စမအကြိမ်မြောက် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကို ဇွန်လ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ပြသနေပြီး မြန်မာရုပ်ရှင်ကားများ ယခင်နှစ်ကထက်ပြသမှုများလာကြောင်း သိရသည်။

ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံနှင့် Junction City တို့တွင်  ပြသနေပြီး နိုင်ငံတကာရုပ်ရှင် ၁၁ ကားနှင့် ပြည်တွင်းရုပ်ရှင် ၅၄ ကားကို ပြသသွားမည် ဖြစ်သည်။

“ အခုနှစ်က မြန်မာကားအရမ်းများလာတယ်။အရင်နှစ်ကဆို နိုင်ငံတကာရုပ်ရှင်က မြန်မာကားထက ် ပြသမှု ပိုများတယ်။ ဒီနှစ်တော့ မြန်မာကားက နိုင်ငံတကာရုပ်ရှင်ထက်ပိုများတယ်။အဲ့ဒါတော့ ကွာခြားမှုရှိတယ်” ဟု လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ၏ ပြန်ကြားရေးတာဝန်ခံ မရွှန်းလဲ့သာက ပြောသည်။

လူ့အခွင့်အရေးနှင့် လူဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်တွင် ယခင်နှစ်ကထက် ဒါရိုက်တာလူငယ်များ ပိုများကြောင်း တွေ့ရသည်။

“ဒီပွဲမှာ ဒါရိုက်တာတွေက လူငယ်တွေ ပိုများတယ်။ တစ်ချို့ဟာတွေ ပြက်ပြက်ထင်ထင်နဲ့ ဝေဖန်စရာရှိတာ ဝေဖန်တယ်။ထောက်ပြစရာရှိတာ ထောက်ပြတယ်။သရော်စရာရှိတာ သရော်တယ်။ အဲ့ဒီအတွက် ကျွန်တော် ဒီရုပ်ရှင်တွေကို ကြိုက်တယ်” ရုပ်ရှင်လာရောက်ကြည့်ရှုသော ဦးမြင့်စံက ပြောသည်။

ယခင်ကပြုလုပ်ခဲ့သော ရုပ်ရှင်ပွဲတော်လေးကြိမ်အတွင်း နိုင်ငံတကာရုပ်ရှင် ၁၂၇ ကားနှင့် ပြည်တွင်းရုပ်ရှင် ၁၂၅ ကားကို ပြသခဲ့သည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရုပ်ရှင်မှတစ်ဆင့် ပြသနိုင်စေရန်နှင့် လူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင် တိုးပွားစေရန် ၎င်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းရုပ်ရှင်ပွဲတော် အဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ဝဇီရာရုပ်ရှင်ရုံတွင်ပြုခဲ့ပြီး ကဗျာဆရာအောင်ပွင့်၏ အကြောင်းရိုက်ကူးထားသော Myanmar Story Book ရုပ်ရှင်ဇာတ်လမ်းတွဲကို ပြသခဲ့သည်။ ရုပ်ရှင်ဇာတ်ကားများကို နံနက် ၁၀ နာရီ ၊ ၁၂ နာရီ ၄၅ ၊ ၃ နာရီခွဲ ၊ ၆နာရီ ၁၅ ၊ ၉ နာရီ စသဖြင့် တစ်ရက်လျှင် ငါးကြိမ် အခမဲ့ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly