နိုင်ငံခေါင်းဆောင်တွေ ငဲ့ညှာပါမှ

နိုင်ငံခေါင်းဆောင်တွေ ငဲ့ညှာပါမှ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန် ၊ ဇွန် ၁၆ ။            ။ အပြိုင်းအရိုင်း ပြိုလဲနေတဲ့ သစ်ပင်တွေကြားထဲက ပြန့်ကျဲနေတဲ့ အိမ်ပစ္စည်းအတိုအစ အစိတ်အပိုင်းတွေကို ဦးစံရင် တစ်ယောက် လိုက်လံ ကောက်ယူစုဆောင်းနေပါတယ်။ ဇွန်လ ၁၅ ရက်နေ့ နေ့လည် နှစ်နာရီ ဝန်းကျင်မှာ ကျရောက်နေတဲ့ နေအပူရှိန်က ပတ်ဝန်းကျင်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ပူနေပါတယ်။

ဒါပေမယ့်  ဦးစံရင်တစ်ယောက်အဖို့တော့ သူ့ကိုယ်ပေါ်ကျရောက်နေတဲ့ နေရဲ့ အပူရှိန်က သူ့ရင်ထဲက အပူကို မကျော်လွန်နိုင်ပါဘူး။ ပျက်စီးနေတဲ့ အိမ်အစိတ်အပိုင်းတွေကို ကောက်ယူနေရင်းနဲ့ ဦးစံရင်တစ်ယောက် တွေးပူနေတာက သူတို့မိသားစု ဘယ်လိုနေရာမျိုးမှာ ဆက်လက်နေထိုင်ရမလဲ ဆိုတာပါပဲ။

ဖျက်သိမ်းခံရတဲ့ ဦးစံရင် အိမ်ဝိုင်းထဲမှာဆိုရင် ယောကျ်ားကြီး ပေါင်လုံးခန့်ရှိနေတဲ့ မလေးရှားပိတောက်အပင်အချို့နဲ့ ငှက်ပျောပင်တွေ စိုက်ထားပါတယ်။ ပြန့်ကျဲနေတဲ့ အပျက်အစီးတွေကြားထဲမှာ   ပြန်လည်သုံးယူလို့ရမယ့် ပစ္စည်းတွေကို လိုက်လံစုဆောင်းရင်းနဲ့ ဦးစံရင် သူ့အိမ်အဖျက်ခံရတဲ့ အခြေအနေကိုရှင်းပြပါတယ်။

"ဖျက်တုန်းကဆို အဘ မျက်ရည်တောင်ကျမိတယ်၊ အဘက အပင်တွေကို တယုတယစိုက်ထားတာ၊ နွေဘက်ဆို ဆည်မြောင်းထဲကရေကို ထမ်းပြီး ရေလောင်းစိုက်လာတာ" လို့ ဦးစံရင်က စကားကို အသံခပ်လေးလေးနဲ့ ပြောဆိုနေရင်း သူ့မျက်လုံးတွေက နီရဲလာနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က စပြီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃ မိုင် ၁ ဖာလုံနားမှာရှိတဲ့ ကျူးကျော်အိမ်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံချက်နဲ့ ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီလို ဖျက်တဲ့အထဲမှာ မနေ့တနေ့ကမှ ဆောက်ထားတဲ့ ကျူးကျော်အိမ်တွေတင် မကပါဘူး။ ဦးစံရင်တို့လို နှစ်နှစ်ဆယ်ကျော် စိုက်ကွင်းစတင်တည်ထောင်ကတည်းက နေထိုင်ခဲ့တဲ့သူတွေပါ ပါဝင်ခဲ့ပါတယ်။

သူတို့အနေနဲ့ အစိုးရမြေပေါ်မှာ နေထိုင်ခြင်းကို ကျူးကျော်လို့ သတ်မှတ်မယ်ဆိုရင် သတ်မှတ်လို့ ရတယ်ဆိုပေမယ့် စီးပွားဖြစ်ကျူးကျော်တွေလိုမျိုးတော့ မဟုတ်ဘူးလို့ ဦးစံရင်က ပြောပါတယ်။

"အဘတို့က ကျူးတော့မှန်တယ်၊ ဒါပေမယ့် အခု ကျူးတွေလိုမဟုတ်ဘူး။ ဒီစိုက်ကွင်းက အလုပ်သမားဟောင်းတွေ ဖြစ်နေတယ်။ အဲ့တော့ ရွာနေပြည်ထိုင်လိုမျိုးဖြစ်နေတယ်"

ဦးစံရင်အနေနဲ့ အဲဒီစိုက်ကွင်းထဲမှာ ၁၉၉၃ခုနှစ်လောက်ကတည်းက မြေရိုင်းကို ခုတ်ထွင်ရှင်းလင်းနေထိုင်ခဲ့တာဖြစ်ပြီး အရင်က လယ်ယာစိုက်ပျိုးရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာနက စပါးလင်ပင် စိုက်ကွင်းတွေလုပ်ကိုင်ခဲ့ရာမှာ စိုက်ကွင်းမှူးအဖြစ် လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ဦးစံရင်အနေနဲ့ သူ့အိမ်ခြံဝန်းထဲက ပြန့်ကျဲနေတဲ့ပစ္စည်းတွေကို သိမ်းဆည်းရင်း တခြားနေရာကို ပြောင်းရွေ့သွားရဖို့သာ ဖြစ်နေပါတော့တယ်။

"နိုင်ငံကခေါင်းဆောင်တွေ ငဲ့ညှာမှ အဘတု့ိကတော့ ခံစားခွင့်လေးရမှာပေါ့" လို့ ဦးစံရင်က ရင်တွင်းခံစားချက်ကို ဆိုပါတယ်။

နိုင်ငံတော်စီမံကိန်းအဖြစ်ဆောင်ရွက်မယ့် ကျွန်းကလေး စိုက်ပျိုးမြေ ဧရိယာ ၁၄၅၃.၇၂ ဧက အတွင်းမှာ ကျူးကျော် နေထိုင်တဲ့ အိမ်ခြေပေါင်း ၄၀၀၀ နီးပါးခန့် ရှိနေတယ်လို့ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က မဇ္ဈိမရဲ့မေးမြန်းချကို ဖြေဆိုခဲ့ပါတယ်။

ဒီဧရိယာအတွင်းမှာ နေထိုင်တဲ့သူတွေကို အစိုးရအနေနဲ့ စီးပွားဖြစ်ကျူးကျော်လို့သာ သတ်မှတ်ထားတဲ့အတွက် ကျူးကျော် စမတ်ကတ်တွေ ထုတ်ပေးမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ဒီစီမံကိန်း ဧရိယာအတွင်းမှာ နိုင်ငံတကာအဆင့်မီ ဆေးရုံ၊ ဂေါက်ကွင်း ၊အပန်းဖြေဥယျာဉ် နဲ့ အိမ်ယာ စီမံကိန်းတစ်ခု တည်ဆောက်သွားမယ်လို့ ဦးယုခိုင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဲဒီ အမြန်လမ်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ ကျူးကျော်အိမ်တွေရဲ့ နောက်ခံသမိုင်းကြောင်းဟာ အနည်းငယ် ရှုပ်ထွေးလှပေမယ့် မဇ္ဈိမက တတ်နိုင်သမျှ မေးမြန်းခဲ့ပါတယ်။ အဲဒီနေရာမှာ  မြေတစ်ကွက်ကို ကျပ်ငွေ ခုနှစ်သိန်းကနေ ဆယ့်ငါးသိန်းအထိ ပေးဝယ်ခဲ့ရတယ်ဆိုပေမယ့် ဖယ်ရှားခံရသူတွေရဲ့ မြေယာပိုင်ဆိုင်မှု ဂရန်ကို မဇ္ဈိမက တောင်းယူ  ကြည့်ရှုခဲ့တဲ့ အခါမှာ ထုတ်ပြနိုင်ခဲ့ခြင်းမရှိပါဘူး။

သူတို့ရဲ့ အဆိုအရ ကျေးရွာမြေအသုံးပြုရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ကိုမျိုးဆိုသူထံမှ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ အနီးတစ်ဝိုက်က ဖျက်သိမ်းခံရမယ့်   ကျေးရွာငါးရွာဖြစ်တဲ့ အောင်ရတနာ ၊ ရတနာအောင် ၊ အောင်သုခ၊ ကံ့ကော်၊ စိမ်းလန်း ကျေးရွာတွေမှာ ဥက္ကဌ ဆိုသူတွေ အတွင်းရေးမှူးဆိုသူတွေက   မြေနေရာတွေကို ရောင်းချပေးခဲ့တာပါ။

မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့တဲ့ သူတွေကတော့ သူတို့ ဝယ်ယူထားတယ်ဆိုတဲ့ ပိုင်ဆိုင်မှုပြဖို့ အစိမ်းရောင်စာအုပ်တွေကို ထုတ်ပြခဲ့ပါတယ်။အဲဒီစာအုပ်မျက်နှာဖုံးပေါ်မှာ "မြေယာချထားပေးမှုမှတ်တမ်း"ဆိုပြီးရေးသားထားပြီးအတွင်းဘက်မှာတော့ ဥက္ကဌ ဆိုသူနဲ့ အတွင်းရေးမှူး ဆိုသူတွေက လက်မှတ်ထိုးထားပါတယ်။

ဒါပေမယ့် ဒီစာအုပ်တွေဟာ အစိုးရဘက်က တရားဝင်သတ်မှတ်ထားတဲ့ စာအုပ်မျိုး မဟုတ်ဘဲ ကျေးရွာမြေ အသုံးပြုရေး ကော်မတီ ဆိုတဲ့ အဖွဲ့တစ်ခုက ပြုလုပ်ထားတဲ့ စာအုပ်တွေပါ။ အဲဒီလူတွေကို အခုလက်ရှိအချိန်မှာ အဆက်အသွယ်လုပ်လို့ မရတော့ဘူးလို့ မြေကွက်ဝယ်ယူထားသူတွေက ဆိုပါတယ်။ အခုလို အလိမ်လည်ခံရတဲ့သူတွေရှိနေပေမယ့် တိုင်ကြားမှုတွေမရှိတဲ့အတွက်   မြေယာလိမ်လည်သူတွေက  တရားဥပဒေရဲ့ အပြင်ဘက်မှာ လွတ်မြောက်နေပါတယ်။

"ဥပဒေကြောင်းအရ နစ်နာတဲ့သူတွေက တိုင်ကြားဖို့လိုတယ်။ ဥပဒေအရ တိုင်ကြားပါ ဌာနဆိုင်ရာတွေကနေ ကူညီ ပေးမယ်။ တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူပေးမယ်" လို့ ဦးယုခိုင်က မြေယာအလိမ်ခံရသူတွေအတွက် ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျူးကျော်တွေနဲ့ ပတ်သက်ပြီး  "အစိုးရပိုင်မြေတွေကို လက်ညှိုးထိုးရောင်းစားပြီး ဒီနေရာတွေက မြေတွေဟာ ငါတို့မြို့ကွက် ဖြစ်သွားမှာပဲ ဆိုတဲ့ အခြေအနေမျိုးတွေကို ကျွန်တော်တို့ ကြားသိရပါတယ်။ ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်ပြောပါရစေ" လို့  ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက   ပြောဆိုခဲ့တာရှိပါတယ်။

ဝန်ကြီးချုပ် ပြောဆိုခဲ့ပြီးပြီးချင်း သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာ အခုလို ကျူးကျော်ဖျက်သိမ်းရေးစီမံချက်တွေ ထွက်ပေါ် လာနေခဲ့တာပါ။ ဖျက်သိမ်းရေးစီမံချက် စတင်ခဲ့တဲ့ ဇွန်လ ၁၂ ကနေ ၁၆ ရက်နေ့အတွင်းမှာ ၅၀ ရာခိုင်နှုန်း ကျော်ကျော် ဖျက်သိမ်းပြီး ဖြစ်တယ်လို့ ဦးယုခိုင်က ဆိုပါတယ်။

စီမံကိန်းစတင်မယ့်နေရာကို အစိုးရပိုင်မြေဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက အသိပေးရှင်းလင်း ခဲ့ပြီး ဖြစ်ပေမယ့် ကျူးကျော်အိမ်တွေက ဆက်လက်တိုးပွားလာနေခဲ့ပြီး   နှစ်လတာအတောအတွင်း အိမ်ခြေ ၁၀၀၀ ခန့် တိုးလာတာဖြစ်တယ်လို့ ဦးယုခိုင်ကပြောပါတယ်။

ဒီကျူးကျော်အိမ်များ ဖယ်ရှားရေးနဲ့ပတ်သက်ပြီး ဖယ်ရှားခံရသူတွေအပေါ် ဦးယုခိုင်က အခုလို သဘောထားလည်း ပေးခဲ့ပါတယ်။

"ဒါ စီးပွားဖြစ်ကျူးတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာခံစားခွင့်မှ မပေးပါဘူး"

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly