ဘယ်လိုလဲ နှစ်ကိုယ်ခွဲလား

ဘယ်လိုလဲ နှစ်ကိုယ်ခွဲလား

၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ကစလို့ လွှတ်တော်တွင်ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စကြီးဟာ (ယာယီအားဖြင့်) တာ့တာ ဘိုင့်ဘိုင် ချဲရီယို လုပ်သွားခဲ့ပါပြီ။ ယာယီအားဖြင့်လို့ မောင်မှန် သုံးနှုန်းခဲ့ တယ်နော်၊ ဘာလို့ဆို လွှတ်တော်ထဲကပဲ မရရအောင်ကို ပြင်မယ် ဆိုပြီး အားခဲ တအားနွှဲမယ့်သူတွေ ရှိနေသေးတဲ့အတွက်ပါ။ ပြည်သူတွေ အထိအခိုက် အနာအကျင် အသက်သာဆုံးနည်းဆိုပဲလား ၊ကောင်းပါတယ်။ သက်သောင့်သက်သာ ဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ မောင်မှန်လည်း ရွှေမန်းတင်မောင်သီချင်းလို ကျနော်လည်း ထိုနည်း လည်းကောင်း …..ထိုနည်း လည်းကောင်းပေါ့ခင်ဗျာ။ အနာမခံဘဲ အသာစံရမယ် ဆိုလို့ကတော့ ကြိုက်မှကြိုက်ပါ။  ဒါပေမဲ့ ဒါမျိုးဆိုတာ အိပ်မက်ထဲမှာတောင် သိပ်လွယ်တာ မဟုတ်ဘူး။

ရှစ်လေးလုံးအရေးတော်ပုံကြီးကလည်း ၂၇ နှစ်မြောက်ခဲ့ပါပြီ။ မဆလအုပ်စိုးမှု ၂၆ နှစ်ရဲ့ ဒီဘက်ကို တစ်နှစ်တာ အစွန်းထွက်လို့ပေါ့။ မဆလ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပေမယ့် နောက်ထပ် စစ်အာဏာရှင်စနစ်တွေနဲ့ ထပ်တွေ့နေရတယ်မဟုတ်လား။ (ဒီဂရီအပြင်းအပျော့ပဲ ကွာ ပါတယ်) ၁၉၆၂ စစ်အာဏာရှင်စနစ်ရဲ့ အဆက် ၁၉၇၄ ဖွဲ့စည်းပုံ ၊ ၁၉၇၄ ကို ၈၈ မှာဖျက်သိမ်း လိုက်တော့ အမှန် အကန် ပြောင်ကျကျစနစ် ပြန်ရောက်လာတယ်။ နှစ် ၂၀ ကြာတော့ နောက်တစ်ခါ လာပြန် ချည်သေးဆိုသလို တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြန်ရောက်လာ တယ်။ (စစ်အာဏာရှင်စနစ် ဒီဂရီတော့ နည်းနည်းလျော့သွားတာပေါ့) ဒါက စစ်အာဏာရှင် စနစ်ဘက် အခြမ်းက ဖြစ်စဉ်တွေပါ။

မောင်မှန်တို့ ပြည်သူတွေဘက်က ပြောရရင် အာဏာပိုင်တွေက ဘယ်လိုအပြောင်းအလဲကြီး တွေ ပြောင်းလဲတယ်ပြောပြော၊ ဘယ်ပုံအရွေ့ကြီးတွေရွေ့တယ်ပြောပြော၊ ကုလားကြီးနဲ့ အရာကြီး၊ ကျွန်နဲ့ ဒါသ အတူတူပါပဲ။ ဒါပေမယ့်လည်း ပြည်သူတွေဟာ သိုးတွေလို ဒီအတိုင်း ငြိမ်ခံနေခဲ့ကြတာ တော့ မဟုတ်ဘူးခင်ဗျ။ ၁၉၆၂ ကစလို့ ယနေ့အထိ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးမသတ်ခင်ကတည်းက ဆန့်ကျင်နေခဲ့ကြတာပါ။ ပြီးအောင်တောင် မရေးရသေးဘဲ ဘယ့်နှယ်ကြိုတင်ဆန့်ကျင်နေရတာလဲ မောင်မှန်ရယ်လို့ စာဖတ်ပရိသတ်ကြီးက အမေး ရှိကောင်း ရှိလာနိုင်ပါတယ်။ မောင်မှန်မှာလည်းအဖြေရှိပါတယ်။

၁၉၉၀ မှာအာဏာမလွှဲကတည်းက၊ ၁၉၉၃ အမျိုးသားညီလာခံ စကျင်းပကတည်းက ထွက် လာမယ့် ဖွဲ့စည်းပုံဟာ ဘယ်လိုဖွဲ့စည်းပုံမျိုးလည်း ဆိုတာ ဗေဒင်မေးစရာ၊ နတ်ဟောစရာ လုံးဝမလိုဘဲပြည်သူတွေ ကအော်တိုသိနေကြပါပြီ။ (နိုင်ငံရေးသမား မဟာပညာကျော်များကတော့ နှိုင်းနှိုင်းချိန်ချိန် သုခမိန်လုပ်ရင်း အမျိုးသားညီလာခံ ထဲဝင်ပြီး ကိုယ့်လည်ပင်းစွပ်မယ့်ကြိုးကွင်းအတွက် ကြိုးကူကျစ် ပေးခဲ့ကြ ပါတယ်) ဆိုလိုတာက ပြည်သူတွေဟာ စစ်အာဏာရှင်စနစ် ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံကို မရေး ခင်ကတည်းက ဖျက်ခဲ့ကြတာပါ။ ရောသောပေါသောနဲ့ ဖေါဂိတ်နဲ့ ရောကြိတ်ခဲ့ကြတာ မဟုတ်ပါဘူး။

ရှစ်လေးလုံး ငွေရတုအချိန်ခါသမယကြီးတုန်းက ဗမာနိုင်ငံရေး အင်အားစုအတော်များများ ပါဝင်တဲ့ ငွေရတုသဘင်ပွဲကြီးကို ရန်ကုန်မြို့ကြီးမှာ ပျော်ပျော်ကြီးဆင်နွှဲခဲ့ကြပါတယ်။ အဲသလိုနွှဲပျော် ခဲ့တဲ့ ပွဲတော် ကြီးကပဲ ငွေရတုဆုံးဖြတ်ချက် (၃) ရပ်ဆိုပြီး ချမှတ်ခဲ့ပါတယ်။ အင်အားစုပေါင်းစုံပါဝင်တဲ့ ငွေရတုဆုံးဖြတ်ချက်ဖော်ဆောင်ရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ငွေရတုဆုံးဖြတ်ချက် ၃ ရပ် က (၁) ဒီမိုကရေစီတစ်ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေး၊ (၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ (သို့) အသစ်ပြန်လည်ရေးဆွဲရေး (၃) အားလုံး ပါဝင် သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ညီလာခံတစ်ရပ် ကျင်းပနိုင်ရေးတို့ပါ။ အလွန်ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေပါ။ သို့သော် တွက်ရေးတော့စက်သူဌေး၊ တွက်ကြည့်တော့ စက်မရှိသလိုပဲ၊ ငွေရတု ဆုံးဖြတ်ချက် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီကြီးဟာ သက်တမ်း နှစ်နှစ်တိုင် သော်လည်းပဲ ဘာမှကို မဘာနိုင်သေးပါ။ လွှတ်တော်အပကပဲ အင်တိုက်အားတိုက် လှုပ်ရှားတော့ မှာလိုလို ဘာလိုလိုနဲ့ ခုတော့လည်း ကပိုကရို ကနွဲ့ကလျဖြစ်သွားပြီလား မသိပါဘူး။ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ လက်တွေ့မှာ ခြင်ဖမ်း၊ ဖါးဖမ်းတာတောင် မတွေ့ရသေးဘူး။ (ခြင်ဖမ်းတာ၊ ဖါးဖမ်းတာလည်း လွယ်တယ်မထင်ပါနဲ့၊ ခက်တယ်နော်)

ငွေရတုကော်မတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကလည်း ဝေး၍ ဝေးခါ ဝေးနေဆဲပါပေါ့။ ဒါတွေကို ချုပ်လိုက်ရင် ၂၀၀၈ ပြင်ရေးဟာ လွှတ်တော်တွင်းနဲ့ ငွေရတုကော်မတီက ဆောရီးမှာ ပြနေပါတယ်။ မကြာသေးခင်က RFA တနင်္ဂနွေစကားဝိုင်းတစ်ခုမှာ ငွေရတုကော်မတီဝင် တစ်ယောက် ပြောတာ လေး ကြားလိုက်ရတယ်။(နာမည်တော့မရေးတော့ပါဘူး၊ သနားအားနာလို့ပါ)။

သူက အဲဒီအချိန်မှာ NLD ပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားပြီး သေချာပေါက်နီးပါး NLD ကပဲ ဝင်ပြိုင်နိုင်မယ်လို့ အများက မျှော်လင့်ထားသူပါ။ (ဒါပေမယ့် အခုတော့ အဲဒီလိုဖြစ်မလာခဲ့ပါဘူး) သူက လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ အများကြီး ရောက်လာဖို့ လိုတယ်တဲ့။ အဲလိုရောက်မှ ၂၀၀၈ ပြင်ရေး အရာထင်လာမှာတဲ့။

သူနဲ့ RFA ရေဒီယိုဆွေးနွေးဖက် ကယန်းပြည်သစ်ပါတီက ဗိုလ်မှူးကြီးစောလွင်က လွှတ်တော်တွင် လမ်းဆုံးသွား ပြီ။ ပြည်သူတွေရဲ့အားနဲ့မှ ၂၀၀၈ ပြင်လို့ ရလိမ့်မယ်လို့ ပြောတော့ သူက မဟာဗျူဟာအရ လွှတ်တော် တွင်း လွှတ်တော်ပဆုံချက်ကို ရှာပြီး ၂၀၀၈ ကို ဘယ်ပုံ ဘယ်နည်း ပြင်ရမယ်လို့ အကြီးကြီး ပြောပါ တယ်။ သူက ငွေရတုကော်မတီဝင်ကနေ NLD မှတစ်ဆင့် လွှတ်တော်ထဲ ထပ်ဝင်ဖို့ လုပ်နေသူ ဆိုတော့ မောင်မှန်လည်း ဟုတ်နိုးနိုးပေါ့။ အခုတော့ အဲဒီပုဂ္ဂိုလ်က NLD ကို တင်ထားတဲ့ လျှောက်လွှာ ပြန်လည်ရုပ်သိမ်းသွားခဲ့ပါပြီ။ သူ့ရဲ့ မဟာဗျူဟာအကြီးကြီးတွေကို ဘယ်လိုဆက် အကောင်အထည် ဖော်မယ်တော့ မသိဘူးပေါ့ခင်ဗျာ။

ခုလို ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး(ယာယီ) အရေးနိမ့်သွားတာ မောင်မှန်တို့ ပြည်သူတွေတင် အောက်မေ့တာ ဘယ်ဟုတ်မလဲ၊ ပြည်ခိုင်ဖြိုးလည်းပါပါ့သဗျာ။ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ၊ လွှတ်တော်နာယက သူရဦးရွှေမန်းက သူရဲ့ Facebook မှာ ၂၀၀၈ ပြင်ဆင်ရေးအတွက် သူကြိုးပမ်းခဲ့တာ မအောင်မြင်တဲ့ အတွက် ပြည်သူများအတွက် စိတ်မကောင်းဘူးဆိုလား တင်ထားတယ်လို့ သတင်းစာတစ်စောင်မှာ ဖတ်ရပါတယ်။ (စကားလုံးအတိအကျတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ၂၀၀၈ ပြင်ဆင်ရေး သူတို့ (ပြည်ခိုင်ဖြိုး)ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြထားတာကတော့ အသေအချာပါ)

ဂျူးလီးယက်ဆီဇာ ပြောသလို အော်….ဘရူးတပ်စ် မင်းလည်း ပါသကိုးလို့ တစ်ယောက် ယောက်၊ တစ်ဖွဲ့ဖွဲ့ကများ ပြောစေချင်သလားလဲ မသိပါဘူး။ သူတို့ လွှတ်တော်တွင ်တင်ခဲ့တဲ့ ၂၀၀၈ ပြင်ရေး ဆိုတာကလည်း ပြည်သူအများ သိပြီးသားပါ။ ၄၃၆ အတွက် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း အစား ၇၀ ရာခိုင်နှုန်းတို့ စစ်ရေးအပြင်းစား ကာကွယ်ရေးအမြင်တို့ပါ စတိသဘော ယတြာသဘောမျှ သာပါ။ စိတ်မကောင်းပြတော့ ထိပ်ဆုံးက ဖြစ်ပြနေတယ်။

အမှန်တော့ ဒီကိစ္စတွေက ၂၀၀၈ ဖွဲ့စည်းပုံ ရေးကတည်းက စဉ်းစားကြရမှာ မဟုတ်ဘူးလား၊ သဘော ပြောတာပါ။ ဒီဖွဲ့စည်းပုံကို သူတို့ပဲ ဦးဆောင်ရေးဆွဲခဲ့တာလေ၊ သူတို့ရေးတာကို သူတို့ ပြင်မရ လို့ သူတို့ကပဲ စိတ်မကောင်း ဖြစ်ပြနေတာ မောင်မှန်ဖြင့် နားကို မလည်ပါဘူးခင်ဗျာ။ တကယ့်ကို ပြည်သူ အကျိုးလိုလားလို့ ပြည်သူ့ဆန္ဒကိုဖြည့်ဆည်းချင်တယ်ဆိုရင်တော့ ဒီလောက်နဲ့ မလုံလောက်သေးပါ ဘူး။ အများကြီးလိုပါသေးတယ်။

ဂလောက်လေးကြိုးပမ်းတာကိုတောင်မှ သူရဦးရွှေမန်းရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ်က မဲဆန္ဒရှင်တချို့က သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ် သိမ်းပေး ဖို့ရွေးကောက်ပွဲကော်မတီရှင်ကို တိုင်ကြားခဲ့ပါတယ်။ တိုင်ကြားသူတွေက “သူရဦးရွှေမန်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများ၊ တပ်မတော်သား များနှင့် မိသားစုများအား ကြိုတင်အသိပေးခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ (က) ပြင်ဆင်ရန် ပြုလုပ်ခဲ့ခြင်းသည် မိမိတို့တပ်မတော်နှင့် တပ်မတော်သားတို့အပေါ် ပြည်သူပြည် သားများက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရ သည်” လို့ ရေးသား ဖော်ပြပါရှိပါတယ်။

တကယ်တော့ ဒီတိုင်ကြားစာဟာ မဲဆန္ဒရှင်တပ်မတော်သားတွေနဲ့ မိသားစုဝင်အချို့ (လက်မှတ်ရေးထိုး တိုင်ကြားသူ ၁,၇၄၀ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၇၃၄ ရာခိုင်နှုန်း) ဆိုပေမယ့် တပ်မတော် တစ်ခုလုံးကိုလိုလို ကိုယ်စားပြု ရေးသားထားတာ တွေ့ရပါတယ်။ ရည်ရွယ်တာကလည်း ဦးရွှေမန်းကိုတင်မက ပြည်သူအားလုံးကို ရည်ရွယ်သလားရယ်လို့လည်း စဉ်းစားစရာပါ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားခြင်းဟာ တပ်မတော်နဲ့ တပ်မတော်သားတို့အပေါ် ပြည်သူက အထင်အမြင် လွဲအောင် ဆောင်ရွက်ခြင်းတဲ့လားခင်ဗျာ။

Coca cola အချိုရည်ကုမ္ပဏီရဲ့ နှစ်ကိုယ်ခွဲနည်းဗျူဟာကို ကျင့်သုံးလိုက်တာလည်း ဖြစ် ကောင်း ဖြစ်နိုင်ပါတယ်။ တပ်နဲ့ ပြည်ဖြိုးခိုင်ပါတီကို တစ်ခုတည်းလို့ မြင်နေမယ့်အစား နှစ်ခုလို့ မြင်လိုက်ရင် နံပါတ် (၂) ဖြစ်မယ့်ပါတီဟာ အလိုလို နံပါတ် (၃) ဖြစ်သွားမှာ မဟုတ်လား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags