ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီကို ဘီဘီစီက ထောက်ခံအားပေးနေကြောင်း ပူတင်စွပ်စွဲ

ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီကို ဘီဘီစီက ထောက်ခံအားပေးနေကြောင်း ပူတင်စွပ်စွဲ

ဇွန် ၁၆  ။                  ။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကြာသာပတေးနေ့တွင် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နီ နှင့် ပက်သက်၍ ဘီဘီစီသတင်းထောက်၏ မေးမြန်းချက်ကို တုံ့ပြန်ဖြေကြားခဲ့ပြီး ဗြိတိန်သတင်းဌာနသည် ရုရှား အစိုးရကို အဓိကအတိုက်အခံလုပ်နေသူအား ထောက်ခံအားပေးနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

“ခင်ဗျားက ဘီဘီစီသတင်းဌာနကဆိုတာကို ကြားလိုက်ရချိန်မှာ ဒီလိုမေးခွန်းမျိုးကို မေးမယ်ဆိုတာ မအံ့သြမိ တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီမေးခွန်းက ခင်ဗျားတို့ ထောက်ခံအားပေးနေတဲ့သူအတွက် သွယ်ဝိုက်ပြီး ဝါဒ ဖြန့်ချီပေးလိုက်တာပါပဲ” ဟု ပူတင်က ဖြေကြားခဲ့သည်။ နိုင်ငံတဝန်း ဆန္ဒပြမှုများကို ဦးဆောင်ပြုလုပ်နေသော အတိုက်အခံခေါင်းဆောင် နာဗယ်နီကို သူ၏နိုင်ငံရေးပြိုင်ဘက်လု့ိ ရှုမြင်သလားဟု ပူတင်အား ဘီဘီစီသတင်း ထောက်က မေးမြန်းခဲ့ချိန်တွင် ယခုလို တုံ့ပြန်သွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော တနင်္လာနေ့က အစိုးရ၏ အကျင့်ပျက်ခြစားမှုကို မော်စကို၌ ဆန့်ကျင်ဆန္ဒပြန်ရန် အိမ်မှထွက်လာစဉ် တွင် နာဗယ်နီသည် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ရက် ၃၀ ချမှတ်ခံခဲ့ရသည်။

“ဘယ်လိုမျိုးဆန္ဒပြမှုပဲဖြစ်ဖြစ် ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်မယ်ဆိုရင် ဥပဒေဘောင်ထဲကအတိုင်း လုပ်ရပါမယ်။ ဥပဒေကို ချိုးဖောက်မယ်ဆိုရင်တော့ အဲ့ဒီဒဏ်ကို ပြန်ခံစားရမှာပါပဲ” ဟု ပူတင်ကပြောခဲ့သည်။

အသက် ၄၁နှစ်အရွယ်ရှိ ရှေ့နေတစ်ဦးဖြစ်သူ နာဗယ်နီသည် လာမည့် ၂၀၁၈ ရုရှားသမ္မတရွေးကောက်ပွဲတွင် ပူတင်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း နောက်တစ်ကြိမ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မလားဆိုသည့် မေးခွန်းများကို သမ္မတ ပူတင်က အမြဲတမ်းခေါင်းရှောင်နေခဲ့သည်။ ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပူတင် ထပ်မံဝင်ရောက် ယှဉ်ပြိုင်ပါက သမ္မတသက်တမ်း လေးကြိမ်မြောက် ရှိလာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags