“ ပါတီကြီးနှစ်ခုက အမတ်လောင်းပြဿနာ ဘယ်လို ဖြေရှင်းနေကြသလဲ”

“ ပါတီကြီးနှစ်ခုက အမတ်လောင်းပြဿနာ ဘယ်လို ဖြေရှင်းနေကြသလဲ”

ပါတီတွင်း အမတ်လောင်း ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး အာဏာရ ပြည်ခိုင်ဖြိုးပါတီတွင်း ပြဿနာ အကြီးအကျယ် တက်နေချိန် အများ စိတ်ဝင်စားနေကြတဲ့ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမတ်လောင်းစာရင်းတွေကိုလည်း ထုတ်ပြန်ခဲ့ပါပြီ။ အင်န်အယ်လ်ဒီ ရဲ့ အမတ်လောင်းစာရင်း ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး ဝေဖန်သံ တချို့ ထွက်လာပေမယ့် ပြည်ခိုင်ဖြိုး ပါတီတွင်း ဖြစ်ပျက်နေ တဲ့ ပြဿနာတွေလောက်တော့ ကြီးမားတာ မတွေ့ရပါဘူး။ ပါတီကြီးနှစ်ခုရဲ့ အမတ်လောင်း ရွေးချယ်မှု ပြဿနာ၊ ဒီကနေမှ ဆက်ဖြစ်လာနိုင်တဲ့ ရှေ့အလားအလာတွေကို ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြည်ခိုင်ဖြိုးပါတီတွင်း အမတ်လောင်း ရွေးချယ်ရေး ပြဿနာကတော့ ပါတီတွင်း ဂိုဏ်းဂဏ အကွဲအပြဲ နဲ့ ဆက်စပ်နေပါတယ်။ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဋ္ဌဟာ သူရဦးရွှေမန်း ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း အမတ်လောင်း စိစစ်ရွေးချယ်ရေးမှာလည်း သူရဦးရွှေမန်းက ခေါင်းဆောင် ဖြစ်ပါတယ်။ လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ အဖွဲ့ဝင်တွေ ရွေးကောက်ပွဲဝင်မယ့် မဲဆန္ဒနယ်မြေ သတ်မှတ်ချက် သဘောထားကတော့ နဂို ၂၀၁၀ တုန်းက ပြိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည် ယှဉ်ပြိုင်စေဖို့ပဲ ဖြစ်ပါတယ်။ မဲဆန္ဒနယ်မြေ ရွေးချယ်ခွင့် နဲ့ တခြား မဲဆန္ဒနယ်မြေတွေကနေ ပြောင်းလဲ ဝင်ပြိုင်ခွင့် မပေးပါဘူး။

နောက်ဆုံးကုန်ကုန် သမ္မတ ဦးသိန်းစိန်ကိုတောင် သူအရင် ဝင်ပြိုင်ခဲ့တဲ့ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ကနေပဲ ဝင်ပြိုင်ခွင့်ပေး ထားပါတယ်။ အဲဒီကနေ မပြိုင်ချင်ရင် ကိုယ့်သဘောနဲ့ကိုယ်၊ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့တော့ လာမပြိုင် နဲ့ ဆိုတဲ့ သဘောမျိုးပါ။ လက်ရှိ ပါတီတာဝန်ယူထားတဲ့ လွှတ်တော် နာယက သူရဦးရွှေမန်းကတော့ ၂၀၁၀ တုန်းက သူဝင်ပြိုင်ခဲ့တဲ့ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်အစား သူ့ဇာတိ ပဲခူးတိုင်း ဖြူးမြို့နယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းတောင် သွင်းလိုက်ပါပြီ။

အလားတူတပ်မတော်က အရာရှိကြီး ၁၄၀ လောက်ကလည်း ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ပြိုင်ဖို့ စာရင်းပေးပါတယ်။ ဒါကိုလည်း ပြည်ခိုင်ဖြိုးပါတီဘက်က အပြည့်အ၀ လက်မခံပါဘူး။ နောက်ဆုံး သတင်းတွေ အရ တပ်မတော် အရာရှိကြီး အယောက် ၅၀ ဝန်းကျင်လောက်ရဲ့ နာမည်စာရင်းတွေကိုပဲ လက်ခံထားတယ်လို့ ဆိုပါတယ်။ ခုလိုဖြစ်ရတာဟာ ပြည်ခိုင်ဖြိုးပါတီကို လက်ရှိ ထိန်းချုပ်ထားသူတွေ အနေနဲ့ တပ်မတော်ထိပ်တန်း ခေါင်းဆောင်တွေ အလုံးအရင်းနဲ့ ပါတီတွင်း ဝင်ရောက်လာပြီး ခေါင်းဆောင်မှုကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားမှာ မလိုလားလို့ ဖြစ်နိုင်ပါတယ်။ တဆက်တည်း ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲ ရောက်သွားတဲ့အခါ ဒုသမ္မတ၊ သမ္မတ ရွေးချယ်ရာမှာ သူရဦးရွှေမန်းဘက်က မရပ်တည်ဘဲ တပ်မတော်ဘက်က တင်တဲ့ ဒုသမ္မတလောင်းဘက် ရပ်တည် မဲပေးမှာကို စိုးရိမ်လို့ လည်းဖြစ်နိုင် ပါတယ်။

ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီဘက်က အမတ်လောင်း ပြဿနာ မပြီးသေးပါဘူး။ အမတ်လောင်း တင်သွင်းနိုင်တဲ့ နောက်ဆုံးရက် ဖြစ်တဲ့ လာမယ့် သြဂုတ် ၈ ရက်နေ့အထိ စောင့်ကြည့်ဖို့ လိုနေပါသေးတယ်။
အင်န်အယ်လ်ဒီ ဘက်ကတော့ အမတ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီး အောက်ခြေ၊ ခရိုင်၊ အောင်နိုင်ရေးအဖွဲ့၊ ကျွမ်းကျင်ပညာရှင်အဖွဲ့၊ ဗဟိုကော်မတီ စသဖြင့် အဆင့်ဆင့် စိစစ်ဆောင်ရွက် ခဲ့တယ်လို့ ဆိုပါတယ်။ စာရင်းထွက်လာတဲ့အခါ ၈၈ ပွင့်လင်းက ဦးကိုကိုကြီးနဲ့ ၈၈ အဖွဲ့ဝင် အများစု ပါမလာတာ၊ ဒေါက်တာညိုညိုသင်း ပါမလာတွေအတွက် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

တချို့ မြို့နယ် အဖွဲ့ဝင်တွေကလည်း သူတို့ အမတ်လောင်း မဖြစ်တဲ့အတွက် ပါတီက ထွက်ပြီး တစ်သီးပုဂ္ဂလ ဝင်အရွေးခံကြမယ်လို့ ကြေညာတာမျိုးတွေလည်း တွေ့ရပါတယ်။ ဒီလို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ပုံမှန်ရေးနေကျ ဒီလှိုင်းဂျာနယ်ထဲက ဒီစကား အပတ်စဉ် ဆောင်းပါး မှာ ခုလို ရေးသားခဲ့ပါတယ်။

ဆောင်းပါးမှာ အမတ်လောင်း ရွေးချယ်တာကို စည်းမျဉ်းစည်းကမ်းအရ လုပ်ကိုင်ခဲ့တဲ့ အကြောင်းပြောပြီး “ ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်မခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်နေစိတ်ထား တွေက မကြာမီ ပေါ်လာပါတော့မယ်။ ကိုယ့်အတွက် ပထမလား၊ အဖွဲ့ချုပ်အတွက် ပထမလားဆိုတာ အတိအလင်း တွေ့မြင်နိုင်တော့မှာပါ။ အခက်အခဲ အရှုပ်အယှက်တွေကြားက ထွက်ပေါ်လာမယ့် အကျိုးအမြတ် ပါပဲ။ တစ်ခါတည်းမှာပဲ လူဆိုတာ ဆန္ဒရှိရင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်တယ်၊ အနာဂတ်မှာ မျှော်လင့်ချက်တွေလည်း ရှိပါသေးတယ်ဆိုတာ သတိပေးချင်ပါတယ်” လို့ ဆိုထား ပါတယ်။

ပြောရရင် အင်န်အယ်လ်ဒီ အတွက် ခုလို ပြဿနာမျိုး အရင်က ကြုံခဲ့ဖူးပြီး ဒီထက် အများကြီး စိန်ခေါ်မှု ကြီးမားပါတယ်။ ၁၉၈၈ နောက်ပိုင်း အင်န်အယ်လ်ဒီ စတင်ဖွဲ့စည်းစဉ်ကာလက ဗိုလ်မှူးချုပ် ဟောင်း ဦးအောင်ကြီးရဲ့ စိန်ခေါ်မှု ဖြစ်ပြီး နောက်ပိုင်း အင်န်အယ်လ်ဒီ ကပဲ ကြံ့ကြံ့ခံ ကျန်ရစ်ပါတယ်။ အလားတူ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ခဲ့တဲ့အတွက် ပါတီထဲက ထိပ်တန်းလို့ ပြောလို့ရတဲ့ ခေါင်းဆောင် တချို့ ပါတီသစ်ထောင် ရွေးကောက်ပွဲ ဝင်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒီနေ့ အဲဒီ ပါတီ ဘယ်အခြေအနေ၊ အင်န်အယ်လ်ဒီ ပါတီ ဘယ်အခြေအနေ ဆိုတာကြည့်ရင် လတ်တလော ပေါ်ပေါက်ခဲ့တဲ့ အမတ်လောင်း ပြဿနာ သိပ်မကြာခင် ပြီးဆုံးသွားတာ မြင်ကြရပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပါပဲ။ အင်န်အယ်လ်ဒီ အမတ်လောင်းအဖြစ် ကိုယ့်ဖာသာ ကိုယ် လာရောက် လျှောက်ထားပေမယ့် အရွေးချယ် မခံရသူတွေ အနေနဲ့ အမတ်လောင်း မဖြစ်လို့ ဆိုပြီး တချို့ ပါတီကထွက်၊ အခြားတစ်နေရာရာကနေ ရွေးကောက်ပွဲ ဝင်မလား၊ ၈၈ လို အဖွဲ့မျိုး ကဆိုရင် အမတ် မလုပ်ရလို့ ဆိုပြီး ကိုယ့်အဖွဲ့ကိုပဲ ကိုယ်ပြန်သွားကြတော့မလား ဆိုတာ ဆုံးဖြတ်ဖို့ လိုပါပြီ။

တိုင်းပြည်၊ ပြည်သူလူထုနဲ့ ပါတီ အကျိုးလိုလားတယ် ဆိုရင် ပါတီ အလံအောက်ကနေ ပါတီ ထဲမှာ ကျရာတာဝန် ထမ်းဆောင်ကြရပါမယ်။ ပါတီအောင်နိုင်ရေး လုပ်ကိုင်ဆောင်ရွက်ပေးကြရပါ မယ်။ အဲလို လုပ်ကိုင်ဆောင်ရွက်ပေးရင်း၊ ပါတီတွင်းမှာ ပါတီဝင်ဘ၀ ဖြတ်သန်းရင်းနဲ့သာ ပါတီကို ကောင်းအောင် ပြုပြင်နိုင်ခွင့် ရကြပါလိမ့်မယ်။

ခြုံငုံပြီးပြောရရင် အင်အားကြီး ပါတီနှစ်ခုတွင်းက အမတ်လောင်း ပြဿနာ အရှုပ်အထွေးမှာ ပြည်ခိုင်ဖြိုးပါတီတွင်းက ပြဿနာဟာ ဒီထက် ဆိုးရွားလာဖို့ အကြောင်းရှိနေပါတယ်။ အင်န်အယ်လ်ဒီ ပါတီကတော့ အရင် ပြဿနာတွေလောက် မကြီးတဲ့အတွက် အလွယ်တကူ ကျော်လွှားသွားနိုင်မှာ ဖြစ် ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags