အောင်လအန်ဆန် နှင့် ကမ္ဘာ့ချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ် တို့ မကျေပွဲ နွှဲမည်

အောင်လအန်ဆန် နှင့် ကမ္ဘာ့ချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ် တို့ မကျေပွဲ နွှဲမည်

ရန်ကုန် ဇွန် ၁၅ ။             ။ လာမည့် ဇွန်လ ၃၀ ရက်၊  ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ONE: LIGHT OF A NATION လက်ဝှေ့ပွဲ၏ အဓိကတွဲဆိုင်းအဖြစ် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်) နှင့် “မြန်မာ့စပါးကြီးမြွေ” ခေါ် အောင်လအန်ဆန် တို့ မကျေပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားကြမည် ဖြစ်သည်။

အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်)ကို ပထမအကြိမ်က ဒိုင်၏ အဆုံးအဖြတ်နှင့်ရှုံးနိုမ့်ခဲ့ရပြီး ယခုအခေါက် မကျေပွဲအဖြစ် ထပ်မံယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။

အဆိုပါ မကျေပွဲ ပြန်လည်ထိုးသတ်ရာတွင် အောင်လအန်ဆန်အနေဖြင့် အကောင်းဆုံးကြိုတင် ပြင်ဆင် မှုများပြုလုပ်ထားပြီး ရလဒ်ကောင်းရနိုင်လိမ့်မည်ဟု မြန်မာပရိတ်သတ်များက ယုံကြည်ခန့်မှန်းထားကြသည်။

ရုရှားနိုင်ငံ Rostov-on-Don မှ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်)သည် ၂၀၁၅ ခုနှစ် ONE Championship တွင် ပထမဆုံးပွဲဦးထွက်ခဲ့ကာ Igor Svirid ကို တိုက်ခိုက်ထိုးသတ်ခဲ့နိုင်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်း ချန်ပီယံနေရာကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ပထမ အကြိမ် အောင်လအန်ဆန်နှင့်ပွဲတွင် Bigdash သည် လျှင်မြန်သော ဆုံးဖြတ်ချက်များဖြင့် ထိုးသတ်ခဲ့ပြီး ၎င်း၏ ချန်ပီယံနေရာကို ကာကွယ်နိုင်ခဲ့သည်။

ထို့ကြောင့် ပရော်ဖက်ရှင်နယ် MMA ကစားသမားတစ်ဦးအနေဖြင့် ယှဉ်ပြိုင်ပွဲတစ်လျှောက်လုံး ရှုံးပွဲမရှိ၊ ကိုးပွဲလုံးအနိုင်ရရှိထားသော Bigdash နှင့် “မြန်မာ့စပါးကြီးမြွေ” ခေါ် အောင်လအန်ဆန်တို့ ဒုတိယအကြိမ် ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်သည်။

ထို့အပြင် ONE: LIGHT OF A NATION လက်ဝှေ့ပွဲတွင် Flyweight တန်း ပြိုင်ပွဲအစီအစဉ်ကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး တွဲဆိုင်းများအဖြစ် စောမင်းမင်းနှင့် ထွန်းလွင်မိုး၊ ရဲသွေးနီနှင့် ပတ်ကျော်လင်းနိုင်၊ ရွေကျောင်းသားနှင့် ရဲရင့်သွေး တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ပွဲလက်မှတ်များနှင့် ပတ်သက်၍ ONE: LIGHT OF A NATION ဝက်ဘ်ဆိုက် www.onefc.com တွင် ဝင်ရောက် ကြည့်ရှု့နိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly