ရေဘေးနှင့် ပြည်သူ့ကိုယ်စားလှယ်လောင်းများ

ရေဘေးနှင့် ပြည်သူ့ကိုယ်စားလှယ်လောင်းများ

စိန်ခေါ်မှုတိုင်းတွင် အခွင့်အရေး တွဲပါမြဲဖြစ်သည်။ ယူတတ်သူက စိန်ခေါ်မှုကို အခွင့်အရေး အဖြစ် ပြောင်းလဲပြီး မယူတတ်သူ (ဝါ) တွေဝေသူက စိန်ခေါ်မှုကို ကြောက်ရွံ့နောက်ဆုတ်လိုက်ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်များမှ စတင်လိုက်သည့် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျချောင်းရေများ စီးဆင်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်ခြင်းတို့ကြောင့် ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံနှင့်အဝှန်း ရေဘေးအန္တရာယ် ကြုံတွေ့နေရသည်။

တစ်နည်းဆိုသော် ရေဘေးသည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက် အသက်ဘေးနှင့်ယှဉ်သော စိန်ခေါ်မှု ဖြစ်လေသည်။ အခြားတစ်ဘက်တွင်တော့ လာမည့်သုံးလအတွင်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ပြည်သူ့ကိုယ်စားလှယ်လောင်းများ အတွက် အခွင့်အရေး ဖြစ်သည်။

မိမိတို့သည် မည်၍မည်မျှ ပြည်သူတို့၏ ကိုးစားယုံကြည်မှုကို ခံထိုက်သူများဖြစ်ကြောင်း ဤအချိန်တွင် အစွမ်းပြရန် အခွင့်အခါကောင်းဖြစ်သည်။ အသက်အရွယ်အားဖြင့် ငယ်ရွယ်ကြသော လူငယ်မောင်မယ်များပင် တိုင်းရင်းသားမဲဆန္ဒရှင်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ရေဘေးတွင် မနှောင့်နှေးဘဲ အပြေးအလွှား သွားရောက်ကူညီကြချိန်တွင် ပြည်သူ့ကိုယ်စားလှယ်လောင်းများကား သာ၍ပင် ကူထိုက်ပါသေးသည်။

ပြည်သူ့ကိုယ်စားလှယ်လောင်းများတွင် နိုင်ငံနှင့်ပြည်သူ့အရေးကို ဦးထိပ်ထား ဆောင်ရွက်လို သော်လည်း ရန်ပုံငွေအားဖြင့် မတောင့်တင်းမှု၊ ပါတီတွင် ရေဘေးကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပြတ်သားသော မူဝါဒမရှိမှု စသည့် အခက်အခဲများ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ဤအရေးသည် ငွေကြေးရှိရုံမျှနှင့်၊ မူဝါဒများရှိရုံမျှဖြင့် လုပ်ဆောင်နိုင်သော လုပ်ငန်းမျိုးမဟုတ်ဘဲ တကယ့်ရင်ထဲ အသည်းထဲက နှစ်နှစ်ကာကာ ယုံကြည်မှုမျိုးဖြင့်သာ ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။

မဲဆန္ဒရှင်ပြည်သူများသည် ဘေးဒုက္ခနှင့် ကြုံတွေ့နေချိန်တွင် ကူညီကယ်ဆယ်မည့်သူများကို တောင့်တကြသည်။ အနိမ့်ဆုံးအားဖြင့် ပြည်သူ့ကိုယ်စားလှယ်လောင်းများ (ဝါ) သူတို့ယုံကြည်ထား သော ခေါင်းဆောင်များသည် ဤအချိန်တွင် သူတို့နှင့်တသားတည်းရှိသည်၊ သူတို့ကို မေ့မထား၊ သူတို့နှင့်ထပ်တူ ဝမ်းနည်းပူဆွေး ခံစားနိုင်ကြသည်ဆိုသည့် ကောင်းသောအမူအရာ အပြောအဆိုနှင့် နွေးထွေးမှုများကို ဒုက္ခရောက်ချိန်တွင် အလွန်အမင်း နှစ်လိုနေပါသည်။

ပြည်သူ့ကိုယ်စားလှယ်လောင်းများအတွက် တရားဝင်မဲဆွယ်စည်းရုံးရေးများ မစတင်မီတွင် မြန်မာ့ရေဘေးသည် အစမ်းစာမေးပွဲဟု ဆိုချင်ပါသည်။ အစမ်းစာမေးပွဲတွင် အောင်မှတ်ရထားသူများ သည် ရွေးကောက်ပွဲရက် အစိန်စာမေးပွဲကို ရင်တုန်ပန်းတုန်နှင့် ရလဒ်စောင့်စရာမလိုအောင် အကျိုး ထူးများ ခံစားနိုင်ပါလိမ့်မည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲနှင့်ပတ်သက်သော အချိန် သတ်မှတ်ချက်များကို တင်ကြိုစီမံခန့်ခွဲထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်ပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ပြောင်းလဲမည့်ပုံ မတွေ့ရပါ၊ သို့ဆိုလျှင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများသည် သတ်မှတ်ထားသည့် အချိန်အခက်အခဲနှင့် ကြုံရမည်ဖြစ်သလို အသက်ဘေးနှင့်ယှဉ်နေသော မဲဆန္ဒရှင်ပြည်သူများ၏ လက်တွေ့ဘဝများ၊ ပြန်လည်ထူထောင်ရေး အရေးကိစ္စများနှင့် ဆက်စပ်ပြီး မဲရရှိမှုစိန်ခေါ်ချက်များနှင့် မလွဲမသွေ ကြုံတွေ့ရတော့မည် ဖြစ်သည်။

သို့ဖြစ်ရာ လက်တွေ့ကြုံနေရသော မဲဆန္ဒရှင်ပြည်သူများ၏ ဘဝနှင့်ယှဉ်သည့် ရေဘေးဆိုင်ရာ စိန်ခေါ်မှုများကို ပြည်သူ့ကိုယ်စားလှယ်လောင်းများ (အထူးအားဖြင့် အဆိုးရွားဆုံး ရေဘေးကြုံဒေသ များမှ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြည်သူ့ကိုယ်စားလှယ်လောင်းများ) သည် အခွင့်အရေးအဖြစ် ပြောင်းလဲပြီး အစမ်းစာမေးပွဲ အောင်မြင်အောင် စွမ်းဆောင်ကြပါရန် မဇ္ဈိမက တိုက်တွန်းနှိုးဆော်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags