မချမ်းမြေ့ခိုင် (Amara Digital Marketing Agency)နှင့် တွေ့ဆုံခြင်း

မချမ်းမြေ့ခိုင် (Amara Digital Marketing Agency)နှင့် တွေ့ဆုံခြင်း

ဇွန် ၁၅ ။             ။ အပြိုင်အဆိုင်များတဲ့ ဒီနေ့ခေတ်မှာ ဒစ်ဂျစ်တယ်မားကက်တင်း နဲ့ ပတ်သက်ပြီး ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Amara Digital Marketing Agency ရဲ့ CEO မချမ်းမြေ့ခိုင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

 မေး- အစ်မအနေနဲ့ Digital Marketing ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုချင်လဲရှင့် ။

ချမ်း-Digital Marketing ဆိုတာက အလွယ်ဆုံးပြောရင်တော့ ဒီဂျစ်တယ်နည်းလမ်းတွေကို အသုံးပြုပြီး ဈေးကွက်ချဲ့ထွင်တာပေါ့။ မြန်မာပြည်မှာ အခုမှ ခေတ်စားလာတာကြောင့် အဆန်းလို ဖြစ်နေတာ။ တကယ်တော့ ဈေးကွက်ချဲ့ထွင်တာက ဟိုးကတည်းက ရှိပြီးသား။ ဒီမှာ သမာရိုးကျ လုပ်ဆောင်နေတာတွေကို ဒီဂျစ်တယ်ပေါ် တင်လိုက်တာပါပဲ။

 မေး- စတင်စဉ်က အစ်မတွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ ရှိရင် ဝေမျှပေးပါဦးရှင့်။

ဖြေ။ အဲ့ဒီတုန်းကကြတော့ ဒီအလုပ်က လုံး၀ ခေတ်မစားသေးဘူး။ Marketing Agency တွေကတော့ အများကြီး ရှိတယ်။ ဒါပေမယ့် သူတို့က ပုံမှန်အလုပ်တွေပဲ လုပ်ကြတာပေါ့။ Billboard တို့၊ တီဗီကြော်ငြာတို့၊ ရေဒီယိုကြော်ငြာ၊ ဂျာနယ်၊မဂ္ဂဇင်းထဲကြော်ငြာထည့်တာ၊ အဲ့ဒါမျိုးတွေပဲ လုပ်ကြတာများတော့ ဒစ်ဂျစ်တယ်ဆိုတာက နည်းနည်းအဆန်းလိုဖြစ်နေတာပေါ့နော်။ပြီးတော့ နောက်တစ်ခုကျတော့ တော်တော်များများက အလကားရတယ်။ ဖေ့ဘွတ်ခ်မှာ Page လုပ်တာဖြစ်ဖြစ်၊တစ်ခုခုပေါ့၊ ယူကျူဗ်မှာ ဗီဒီယိုတင်တာဖြစ်ဖြစ် အဲ့ဒါမျိုးတွေက အလကားရတော့ အမှတ်တံဆိပ်တွေ၊ အထူးသဖြင့် ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ စိတ်ထဲမှာ ဘာရှိလဲဆိုတော့ ဘာလို့ တကူးတက ဒါမျိုးကို အခကြေးငွေပေးပြီး အပ်ရမှာလဲပေါ့။ သူတို့မှာ အဲ့လိုအတွေးတွေ ရှိနေကြတယ်။အဲ့ဒါကို ပြောင်းပြီးတော့ လက်ခံလာအောင် ပြောရတာပေါ့။ အဲ့ဒါကတော့ ပထမဆုံး အခက်အခဲ တစ်ခုပါ။ ဒီဟာက ဝန်ဆောင်မှုသီးသန့်ရှိတယ်။ ဒါမျိုး ကျွမ်းကျင်ပညာရှင်တွေကို အပ်တယ်ဆိုရင် ကိုယ့်ဘာကိုယ် လုပ်တာထက် အများကြီး ပိုပြီး ထိရောက်တယ်။ အမှတ်တံဆိပ် အတွက် ပိုအကျိုးရှိတယ်ဆိုတာ သူတို့နားလည်အောင် ရှင်းပြရတယ်။ ဒါက အခက်အခဲတစ်ခု။

နောက်တစ်ခုကကျတော့ ဒီနယ်ပယ်က အသစ်ဖြစ်တယ်။ ဒီ ၂၀၁၃၊ ၂၀၁၄လောက်မှာပေါ့။ပြီးတော့ ဒါကို ကျွမ်းကျင်ပြီးသား ဝန်ထမ်းမရှိဘူး။ နိုင်ငံခြားက ပြန်လာတဲ့သူ မဟုတ်ဘူးဆိုရင်ပေါ့။ နိုင်ငံခြားမှာ ဒါမျိုးအလုပ်လုပ်ပြီး ပြန်လာတဲ့သူ မဟုတ်ဘူးဆိုရင် ပြည်တွင်းမှာ ကျွမ်းကျင်ပြီးသားသူ မရှိဘူး။ အဲ့တော့ ဒီဟာနဲ့ ပတ်သတ်ပြီး အတွေ့အကြုံမရှိတဲ့သူတွေကို ခေါ်ပြီးတော့ ဟိုးအစကနေ သင်ပေး၊ ကိုယ်နဲ့ အတူတူ လက်တွဲလုပ်ပေါ့နော်ဆိုတော့ အဲ့ဒီဟာက ကျွမ်းကျင်ပြီးသားသူ ခေါ်လိုက်ရင်တော့ ပိုပြီးတော့ မြန်တာပေါ့၊ အလုပ်တိုးတက်တာက။ ဒါမျိုးမရှိသေးတော့ ကိုယ်က အစကနေ ခေါ်ပြီး သင်ပေးရတယ်၊ အတူတူ လက်တွဲပြီး သွားရတယ်ဆိုတော့ အလုပ်က သွားတာက ဖြစ်သင့်တာထက်ပိုပြီး နည်းနည်းကြာတယ်ပေါ့နော်။ ဒီနှစ်ခုပါပဲ အဓိကကတော့။

 မေး-အခု Amara Digital Marketing Agency ကို တည်ထောင်ခဲ့တဲ့ သက်တမ်းရယ်၊ နောက် အစ်မတို့ ကုမ္ပဏီမှာ အခုဆို ဝန်ထမ်းအင်အား ဘယ်လောက်ရှိပြီလဲဆိုတာ သိချင်ပါတယ်ရှင့်။

ချမ်း-တကယ်တမ်းစတာကတော့ အမှန်အတိုင်းပြောရင် ၂၀၁၃ အကုန်လောက်မှာ စတာပေါ့။ ဒါပေမယ့် တကယ်တမ်း ထဲထဲဝင်ဝင် လုပ်ဖြစ်တာကတော့ ၂၀၁၅ နှစ်စမှာ အလုပ်က ပိုပြီး လည်လည်ပတ်ပတ်ရှိလာတယ်။၂၀၁၃၊ ၂၀၁၄ မှာတော့ စထားတာပဲ ရှိသေးတာပေါ့နော်။အဲ့ဒါက အဲ့လောက်ကြီး မြန်မာပြည်မှာ ခေတ်မစားသေးဘူး။ အမှတ်တံဆိပ်တွေကလည်း အများကြီး ဝင်မလာသေးဘူးဆိုတော့ အလုပ်သိပ်မဖြစ်သေးဘူး။ ၂၀၁၅၊၂၀၁၆မှာ ပိုပြီးတော့ တိုးတက်လာတယ်။ ဝန်ထမ်းအင်အားက အခု စုစုပေါင်း ၁၄ယောက်ရှိပါတယ်။

မေး-ပြည်ပမှာဆိုရင်ရော Digital Marketing အခြေအနေက ဘယ်အခြေအနေလောက်ထိ ရှိလဲရှင့်။

ဖြေ-သူတို့မှာကြတော့ အများကြီး ဖွံ့ဖြိုးတိုးတက်တယ်၊ အဓိကက အင်တာနက်ကြောင့်ပေါ့နော်၊ မြန်မာပြည်မှာက အခု အင်တာနက်တွေက ဈေးပေါလာတယ်ဆိုတာတောင် တခြားနိုင်ငံနဲ့ ယှဉ်ရင် ဈေးကြီးနေသေးတယ်။ အဲ့တော့ တောရော မြို့ပါ သုံးနိုင်ဖို့ဆိုတာကတော့ မဖြစ်နိုင်သေးဘူး။ပြီးတော့ နောက်တစ်ခုပြသာနာက မြန်မာပြည်မှာက မိုဘိုင်းအင်တာနက် သုံးကြတယ်။ အကုန်လုံးက ဖေ့ဘွတ်မှာပဲ နေကြတယ်။အဲ့ဒါကြောင့် ဒီမှာ Digital Marketing လို့ ပြောရင် ဖေ့ဘွတ်ခ်လို့ပဲ မြင်ကြတယ်။ တကယ်တမ်း နိုင်ငံတကာမှာကျတော့ အင်တာနက်က အိမ်တိုင်းမှာ ရှိတယ်။ စင်ကာပူလိုနိုင်ငံမျိုးမှာ သွားကြည့်ရင် အင်တာနက်မတပ်ထားတဲ့ အိမ်ဆိုတာ မရှိဘူး။ အဲ့တော့ သူတို့ဆီမှာ အင်တာနက်က အရမ်းကို ဖွံ့ဖြိုးပြီးသား ဖြစ်တာမို့ ဒစ်ဂျစ်တယ်မားကက်တင်း ဆိုရင် ဆိုရှယ်မီဒီယာကို ကျော်ပြီးတော့ သွားနိုင်တာပေါ့။ အခု အပြင်မှာ ပွဲတစ်ခုခု လုပ်တယ်ဆိုရင် အဲဒီပွဲနဲ့ ဆက်စပ်ပြီးတော့ အွန်လိုင်းမှာ ဘာလုပ်လို့ရမလဲ၊ အဲ့ဒီလိုမျိုး ပိုပြီးတော့ ဖေ့ဘွတ်ခ်ပေါ်မှာ ပို့စ်တင်တယ်၊ ကြော်ငြာထည့်တယ်ဆိုတဲ့ အဆင့်မျိုးမဟုတ်တော့ပဲ ပိုပြီးတော့ တီထွင်ဆန်းသစ်တဲ့ဟာမျိုးတွေ သူတို့က စိတ်ကူးပြီးတော့ သွားတာပေါ့။ နောက်ပြီးတော့ ယေဘုယျအားဖြင့်ပေါ့၊ ဒီသမရိုးကျ Marketing နဲ့ Digital Marketing သုံးတဲ့ ဘတ်ဂျက်ဆို ဟိုးတုန်းက လူတွေက သမရိုးကျဘက်မှာပဲ ပုံသုံးကြတယ်။ Digital Marketing က ငွေကုန်ကြေးကျ ပိုသက်သာတာလည်း ပါတာပေါ့နော်။ အဲ့တော့ ငွေကြေးအများကြီးမသုံးဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲ့ဒါက အများကြီးတိုးတက်လာတော့ ၆၀/၄၀ လောက်အထိ ဖြစ်သွားတယ်။

 မေး- အခုလိုဆိုရင် Digital Marketing ကို ဘယ်လိုမျိုး လုပ်ငန်းတွေက အသုံးပြုသင့်တယ်လို့ အစ်မအနေနဲ့ မြင်လဲရှင့်။

ဖြေ-ပုံမှန်ဆိုရင်တော့ မြန်မာပြည်အခြေအနေအရ B to B တွေက သိပ်အလုပ်မဖြစ်ဘူး။ B to B ဆိုတာက Business To Business ပေါ့။ အဲ့ဒါမျိုးကျတော့ ဘယ်လိုပြောမလဲ၊ ဖေ့ဘွတ်ခ် မှာ သိန်းလေးငါးဆယ်ပေးရတဲ့ ကုန်ပစ္စည်းတစ်ခုကို မြင်ပြီးတော့ လုပ်ငန်းတစ်ခုက ဝယ်သွားဖို့ဆိုတာ နည်းနည်းခက်ခဲတယ်ပေ့ါနော်။ ဆိုရှယ်မီဒီယာ တွေ၊ Linkedin တို့ ဘာတို့မှာ နည်းနည်း ကြိုးစားရင်တော့ ဖြစ်နိုင်တာပေါ့နော်။ မြန်မာပြည်မှာ အဲ့လောက်ကြီး မတွင်ကျယ်သေးဘူး။ ပိုဆိုးတာက Email Marketing တို့ ဘာတို့က ဒီမှာ အဲ့လောက်မတွင်ကျယ်သေးဘူး။ အဲ့တော့ B To B အမှတ်တံဆိပ်/ လုပ်ငန်းတွေအတွက် ဆိုရင်တော့ လုံးလုံးလုပ်လို့မရဘူးတော့ မဟုတ်ဘူး။ လုပ်လို့တော့ရတယ်၊ ဒါပေမဲ့ နည်းနည်းပိုပြီး ခက်ခဲတယ်ပေါ့။ ပိုပြီးလည်း မြန်မြန်ဆန်ဆန် ထိရောက်တာကျတော့ လူတိုင်းသုံးတဲ့ FMCG product တွေလိုမျိုး ၊ FMCG ဆိုတာ ဒီခေါင်းလျှော်ရည်တို့၊ သွားတိုက်ဆေး၊ နောက် စားသောက်ကုန်တွေ၊ အအေးဘူးတို့၊ ကော်ဖီတို့ အဲ့ဒါမျိုးတွေ၊ နောက် Consumer Electronics လို့ခေါ်တဲ့ ဒီလူတိုင်းသုံးနိုင်တဲ့ လျှပ်စစ်ပစ္စည်းတွေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေပဲ ဖြစ်ဖြစ်၊ဖုန်းတို့၊ နောက် တခြားဟာတွေ အဲ့ဒီလိုပစ္စည်းတွေမှာ သုံးရင် ပိုထိရောက်တာပေါ့။ပြောရရင် လူဦးရေ ရှိတဲ့အထဲမှာ လူဦးရေ အများစု ကိုယ့်မှာ အမြဲလိုနေတဲ့ ပစ္စည်းမျိုး၊ အဲ့လို ကုန်ပစ္စည်းမျိုးဆိုရင်တော့ ပိုပြီးတော့ ထိရောက်တယ်။

မေး-မြန်မာနိုင်ငံမှာ ဆိုရင် Digital Marketing ကုမ္ပဏီတွေ ရှိလာပြီ။ ဒါပြင် အင်တာနက်လိုင်းတွေ ကလည်း အရင်ကထက်စာရင် ပိုပြီး လွယ်ကူလာတယ်လို့ ပြောလို့ရပါတယ်။ အဲ့အပေါ်မှာ Digital Marketing ကဏ္ဍက နောက်ပိုင်း မြန်မာနိုင်ငံမှာရော ပိုပြီး တွင်ကျယ်လာနိုင်ချေ ရှိလားဆိုတာနဲ့ ပတ်သက်ပြီး အစ်မရဲ့ အမြင်လေး သိချင်ပါတယ်ရှင့်။

ဖြေ-ပိုပြီးတော့ တွင်ကျယ်လာမှာပါ။ အထူးသဖြင့် နောက်ပိုင်း အင်တာနက်တွေက ပိုပြီး မြန်လာဖို့၊ ဈေးပေါလာဖို့ပဲ ရှိတယ်။ ဒီထက်တော့ နှေးသွားမယ့်၊ ဈေးထပ်တက်လာမယ်။ ဆုတ်တဲ့ဘက်ကို ပြန်မသွားတော့ဘူးဆိုတာ ၉၀ရာခိုင်နှုန်းလောက် မျှော်လင့်ရတယ်ပေါ့နော်။ အဲ့ဒီတော့ အင်တာနက်တွေ ပိုမြန်လာမယ်၊ ပိုဈေးပေါလာမယ် ဆိုတာကတော့ လူတွေကလည်း ပိုသုံးလာမယ်ဆိုရင် အမှတ်တံဆိပ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ ဒီဈေးကွက်ချဲ့ထွင်မှုပိုင်းမှာ သုံးမယ့်ငွေကြေးကို Digital Marketing ဘက်မှာ ပိုပြီး သုံးလို့ရတာပေါ့။ နောက်ပိုင်း တချို့ကုန်ပစ္စည်းတွေဆိုရင်လည်း ပုံမှန် Marketing ကို အဲ့လောက်ကြီး မလုပ်တော့ဘဲ ဒစ်ဂျစ်တယ်မှာပဲ ပိုပြီးတော့ အချိန်ကုန်ခံ၊ ပိုပြီးတော့ အားထုတ်ပြီးတော့ သူတို့ အမှတ်တံဆိပ်အသစ် ကို ဖောက်လာတာမျိုးလည်း ရှိတာပေါ့နော်။ အခုကြတော့ အေဂျင်စီ တွေ အထိုက်အလျောက် ရှိလာတယ်ဆိုတော့ ဒီဟာက အလုပ်ဖြစ်နေပြီး ရှိသင့်တဲ့ ဝန်ဆောင်မှုဆိုတာမျိုးကို ကိုယ်က အဲ့ဒါမျိုး လိုက်ပြောစရာမလိုတော့ဘူး။ပြီးတော့ ဒါမျိုးလုပ်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာမျိုးတွေပဲ များလာတယ်။ အဲ့တော့ ပြည်တွင်းလုပ်ငန်းရှင်တွေ တောင် ဒါမျိုးသိလာကြပြီဆိုတော့ နိုင်ငံခြားက အမှတ်တံဆိပ်တွေလည်း အများကြီး ဝင်လာဖို့ ရှိတယ်၊ ပြည်တွင်းလုပ်ငန်းတွေကလည်း ဒါမျိုးဝန်ဆောင်မှုတွေက ယူသင့်တယ်ဆိုတာမျိုးပါ ရှိလာကြတော့ နောက်နှစ်နှစ်၊သုံးနှစ်နေရင်တော့ ပိုပြီးတွင်ကျယ်လာဖို့ပဲ ရှိပါတယ်။

 မေး-အခု ဒါဆိုရင် နည်းပညာနဲ့ စပ်လျဉ်းပြီး ဈေးကွက်ချဲ့ထွင်ရတဲ့ နယ်ပယ်ပေါ့နော်။ ဒီလို နယ်ပယ်မှာရော၊ နည်းပညာ နယ်ပယ်ဘက်မှာဆိုရင် အရင်ကဆိုရင် အမျိုးသမီးကို တွေ့ရနည်းတယ်။ အခုနောက်ပိုင်းဆိုရင် အမျိုးသမီးတွေ များလာတဲ့အပေါ်မှာရော အစ်မအနေနဲ့ အမြင်လေး သိချင်တယ်ရှင့်။

ဖြေ-မြန်မာပြည်မှာပေါ့နော်၊ ကျွန်မတို့ထင်ကြတာက ခုနကပြောသလို နည်းပညာမှာဆို မိန်းကလေးတွေ နည်းတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ မဟုတ်ဘူး။ ထူးချွန်ပြီး ချွန်ထွက်လာတဲ့ မိန်းကလေးက နည်းတာပါ။ မြန်မာပြည်မှာ အကြီးဆုံး အိုင်တီကုမ္ပဏီမျိုးမှာ သွားကြည့်မယ်ဆိုရင် တကယ်တမ်းလုပ်နေတဲ့ လူဦးရေက မိန်းကလေးက ပိုများတယ်။ ပရိုဂရမ်မာ ထဲမှာတောင်ပေါ့နော်။ဒါပေမဲ့ အဲ့ဒါကို မသိကြဘူး။ ဘာလို့လဲ ဆိုတော့ ချွန်ပြီး ထွက်လာတဲ့ ဥပမာ မြန်မာပြည်မှာ အတော်ဆုံး ပရိုဂရမ်မာ ၊ လူသိအများဆုံး ပရိုဂရမ်မာ ဆယ်ယောက်မှာ တော်တော်များများက ယောကျာ်းလေးပဲ ထွက်လာမှာပေါ့နော်။ဒါပေမဲ့ ပြသာနာက ချွန်ပြီး ထွက်လာတဲ့သူ(မိန်းကလေး) မရှိတာ။ လုပ်နေတဲ့ လူတွေထဲမှာတော့ မိန်းကလေး အချိုးအရေအတွက်က အများကြီးပဲ။ နောက်ပိုင်းကျတော့ မိန်းကလေးတွေက ပိုပြီးတော့ ဒီဟာကို လူတွေကလည်း နည်းနည်းတော့ အာရုံစိုက်လာကြတယ်ပေါ့နော်။အဲ့တော့ မိန်းကလေးဦးဆောင်သူတွေ နည်းနည်းပိုများလာတယ်လို့ ပြောလို့ရပါတယ်။ဒါပေမဲ့ တစ်ခုပြသာနာရှိနေသေးတာက ပြသာနာရယ်လို့တော့ မဟုတ်ပါဘူး။ ကျွန်မမြင်တာက တကယ်လို့ မိန်းကလေးနဲ့ ယောကျာ်းလေးတွဲပြီးတော့ အလုပ်လုပ်တဲ့ အချိန်မျိုးမှာဆိုရင် ဘာဖြစ်လို့လဲတော့ မသိဘူး။ ပိုပြီးတော့ ကြီးတဲ့ ရာထူးကို ယောကျာ်းလေးတွေက ယူတာများတယ်။ ဒါကတော့ မြန်မာပြည်ရဲ့ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ၊ ဓလေ့ထုံးတမ်းအရလည်း ဖြစ်ချင်ဖြစ်မှာပဲ။ဒါပေမဲ့ သူတို့နှစ်ယောက် သဘောတူလို့။ ဒါပေမဲ့ သတိထားမိတာက တစ်ယောက်၊နှစ်ယောက်မဟုတ်ဘူး။ မိန်းကလေးနဲ့ ယောကျာ်းလေး သူငယ်ချင်းဖြစ်ဖြစ်၊ အဲ့လို ချစ်သူတွေပဲ ဖြစ်ဖြစ် တွဲလုပ်ကြတဲ့ အခါမှာ ယောကျာ်းလေးက ပိုပြီးတော့ မြင့်တဲ့ရာထူးကို ယူတာများတယ်။ ပိုပြီးတော့ ကြီးတဲ့အလုပ်ကို လုပ်တာ များတယ်ပေါ့နော်။ အဲ့ဒီဟာ တစ်ခုတော့ တွေ့နေသေးတယ်။ အဲ့ဒါကတော့ မိန်းကလေးတွေ ဦးဆောင်တာ များလာတယ်ဆိုပေမယ့်လည်း လူဦးရေအချိုးနဲ့ယှဉ်ကြည့်ရင်တော့ အဲ့လောက်ထိ မများသေးဘူး။ တကယ်လုပ်နေတဲ့ လုပ်အားမှာတော့ မိန်းကလေးအချိုးက ပိုများနေတယ်။

မေး- ဟုတ်ကဲ့။ အခု အစ်မတို့ Amara Digital Marketing Agency အနေနဲ့ လက်ရှိမှာ ဘယ်လိုဝန်ဆောင်မှုမျိုးတွေကို ဆောင်ရွက်ပေးနေသလဲရှင့်။

ဖြေ-လောလောဆယ်တော့ ဒီ အွန်လိုင်းပေါ်မှာ လုပ်လို့ရတာ အကုန်ဆိုတော့ လူမှုကွန်ယက်ကနေ ဈေးကွက်ချဲ့ထွင်နေတာလို့ ခေါ်တဲ့ ဆိုရှယ်မီဒီယာမားကက်တင်း ရှိတယ်။ ပြီးတော့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ Influencer marketing ပေါ့နော်၊ Influencer ဆိုတာက မင်းသား၊မင်းသမီး၊ အဆိုတော် မဟုတ်ဘူး၊ဒီတိုင်းပဲ လူထဲကလူ၊ သာမန်လူတွေပဲ။ သူတို့က အကြောင်းအရာတစ်ခုမှာ သူတို့ပြောတာကို လူတွေကနားထောင်တယ်၊ ဖေ့ဘွတ်ခ်မှာဆို Follower တွေလည်း ရှိတယ်ပေါ့။ အကြောင်းအရာတစ်ခုနဲ့ ပတ်သတ်ပြီး အစားအသောက် ဖြစ်ရင် ဖြစ်မယ် ၊အလှအပ ဖြစ်ရင် ဖြစ်မယ်၊ နိုင်ငံရေး ဖြစ်ရင် ဖြစ်မယ်ပေါ့။ အဲ့ဒီလို လူတွေကနေ တဆင့် ကြော်ငြာတာပေါ့။ အဲ့ဒါကို Influencer marketing လို့ခေါ်တယ်။ အဲ့ဒီဟာမျိုးလည်း ဝန်ဆောင်မှုပေးတယ်။

 မေး-ဟုတ်ကဲ့ပါ။နောက်ဆုံးမေးခွန်းအနေနဲ့ ပြောရမယ်ဆိုရင် နည်းပညာနယ်ပယ်မှာရော နည်းပညာနဲ့ စပ်လျဉ်းတဲ့ ဈေးကွက်ချဲ့ထွင်ရေးနယ်ပယ်မှာပါ လူငယ်တွေ ပိုပြီးတော့  စွန့်ဦးတီထွင်ပိုင်းကို ပိုပြီး ဦးစားပေးလာအောင် အစ်မအနေနဲ့ ဘယ်လိုမျိုး အားပေးစကားမျိုး ပြောချင်လဲရှင့်။

ချမ်း-ကိုယ်ကလည်း အရမ်းအောင်မြင်နေတဲ့သူ မဟုတ်တော့ အားပေးစကားရယ်တော့ မဟုတ်ဘူး၊ အတွေ့အကြုံပိုင်းနဲ့ ပြောရရင်တော့ အလုပ်စလုပ်တော့မယ်ဆိုရင် ဘယ်လောက်ထိ ကိုယ်က အရှုံးခံပြီးတော့ ဆက်လုပ်နိုင်လဲဆိုတာ အရင်ဆုံးတွက်စေချင်တယ်။ဥပမာ ကိုယ်က အိမ်ကထုတ်ပေးတဲ့ငွေရှိတာပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်ပြီး စုထားတဲ့ ငွေရှိတာပဲ ဖြစ်ဖြစ်၊ တနည်းနည်းနဲ့ ရလာတဲ့ အရင်းအနှီးကို သုံးတော့မယ်ဆိုရင် ဒီအရင်းအနှီးကို သုံးပြီး လုပ်တဲ့အခါ တကယ်လို့ ကိုယ့်လုပ်ငန်းက မြန်မြန် အလုပ် မဖြစ်တဲ့အခါမျိုးမှာ တစ်နှစ် အရှုံးခံနိုင်မှာလား၊ နှစ်နှစ် အရှုံးခံနိုင်မှာလား၊ ပြီးတော့ ဘာဆက်လုပ်မှာလဲဆိုတာကို အရင်ဆုံးတွေးစေချင်တယ်။ ဘာလို့လဲဆိုတော့ မြင်တာပေါ့နော်၊ တော်တော်များများက တစ်ခု စလုပ်လိုက်တယ်၊ ခြောက်လ၊ ခုနှစ်လ လောက်လုပ်တယ်၊ အလုပ်မဖြစ်လာဘူးဆို နောက်တစ်မျိုးပြောင်းတယ်၊ နောက် ရှစ်လလောက်လုပ်တယ်၊ မဖြစ်လာဘူးဆို နောက်တစ်ခုပြောင်းတယ်၊ တစ်နှစ်လောက်လုပ်တယ် ဆိုတော့ ဘယ်ဟာကမှ သူ့ဘဝအတွက်လည်း အဆင်မပြေဘူး။ သူလုပ်လိုက်တဲ့၊ စိတ်ဝင်စားတဲ့ စိတ်ကူးကလည်း အကောင်အထည်မပေါ်လာဘူးဆိုတော့ ဘယ်သူ့မှ အကျိုးမရှိဘူးဖြစ်တာပေါ့နော်။ အဲ့ဒီတော့ ကိုယ်က ရေရှည်လုပ်ဖို့ကို ဘယ်လောက်ထိ ဒီဟာကို အရှုံးခံနိုင်သလဲ၊ ဒီဘက်က ဝင်ငွေမရသေးတဲ့အချိန်မှာကော ကိုယ်က စားဖို့သောက်ဖို့၊နေဖို့ထိုင်ဖို့ကို တခြား ဘယ်ဝင်ငွေအရင်းအမြစ်ကို ကိုယ်သုံးမလဲပေါ့နော်။ အဲ့ဒါကို အရင်စဉ်းစားပြီးမှ တစ်ခုခုကို စစေချင်တယ်။ တစ်နှစ်၊နှစ်နှစ်လောက် လုံး၀ ဝင်ငွေမရဘူး၊ ရှုံးနေတယ်ဆိုရင်တောင် ကိုယ်က ဒါကို ဆက်လုပ်နိုင်တယ်ဆိုရင် အချိန်တန်ရင် ကိုယ်ကလည်း မှန်မှန်ကန်ကန်လုပ်နေတယ်ဆိုရင်တော့ တစ်နည်းနည်းနဲ့ကတော့ အောင်မြင်မှာပေါ့နော်။ အဲ့တော့ လုံးဝစမလုပ်ခင် ရေရှည်တွေးပြီးတော့မှ လုပ်ဖို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly