တပ်မတော် ပျက်ကျလေယာဉ်မှ ရုပ်အလောင်း ၉၀ အထိ ရှိလာ

တပ်မတော် ပျက်ကျလေယာဉ်မှ ရုပ်အလောင်း ၉၀ အထိ ရှိလာ
Photo-AFP
 

ရန်ကုန်၊ ဇွန် ၁၅ ။              ။ လူ ၁၂၂ ဦး လိုက်ပါလာသော တပ်မတော် ပျက်ကျလေယာဉ်မှ ရုပ်အလောင်း ၉၀ လောင်းထိ တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက် နံနက် ၉ နာရီ ခန့်တွင် မောင်းမကန်-မရင်းကြီးကမ်းခြေတစ်လျှောက် ကျား/ မ မခွဲခြားနိုင်သော ရုပ်အလောင်း ၃ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၉၀ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်သည်။

ယမန်နေ့က(ဇွန် ၁၄) ထိ ရုပ်အလောင်း ၈၇ လောင်းရှာဖွေတွေ့ရှိထားပြီး ဇွန်လ ၁၂ ရက်အထိ တွေ့ရှိရသော ရုပ်အလောင်းများထဲမှ ရုပ်အလောင်း ၃၅ လောင်းအား မီးသဂြိုဟ်ခဲ့ပြီး ဖြစ်သည်။

တပ်မတော်သားမိသားစုဝင်များ လိုက်ပါလာသော စုစုပေါင်း လူ ၁၂၂ ဦး လိုက်ပါလာသော တပ်မတော်ပို့ဆောင်ရေးလေယာဉ်သည် ဇွန်လ ၇ ရက်က မြိတ်ှ ရန်ကုန်သို့ သွားစဉ် ပင်လယ်ထဲ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်သူ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

လက်ရှိ ရှာဖွေတွေ့ရှိရသော ရုပ်အလောင်းများထဲတွင် ကလေးရုပ်အလောင်း ၁၅ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၀ လောင်း၊ အမျိုးသားရုပ် အလောင်း ၃၈ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး တပ်မတော်အရာရှိ ၄ ဦးနှင့် စစ်သည် ၉ ဦး ပါဝင်ကြောင်း ဂလိုဘယ်နယူးစ်လိုက်ဖ်အော့ဖ်မြန်မာသတင်းစာတွင် ဖော်ပြထားကာ လက်ရှိအချိန်တွင် ကျား၊ မ အမျိုးအမည်ခွဲခြားမရသော ရုပ်အလောင်း ၅ လောင်းအထိ ရှိသွားပြီဖြစ်သည်။

လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 တွင်ပါရှိသွားသည့် လေယာဉ်အမှုထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူများအတွက် စေတနာရှင်အလှူရှင်များက ကျပ်သိန်းပေါင်း တစ်သောင်းနီးပါး (၉၉၁၈ဒဿမ ၅၂သိန်း) အား ဇွန်လ ၁၀ရက်တွင် ပေးအပ် လှူဒါန်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly