UNFC ညီလာခံတွင် တုုိင်းရင်းသားအဖွဲ့အစည်း ၂၁ ဖွဲ့ကုုိ ဖိတ်ကြားထားပြီး နှစ်ပုုိင်းခွဲ၍ ကျင်းပသွားမည်

UNFC ညီလာခံတွင် တုုိင်းရင်းသားအဖွဲ့အစည်း ၂၁ ဖွဲ့ကုုိ ဖိတ်ကြားထားပြီး နှစ်ပုုိင်းခွဲ၍ ကျင်းပသွားမည်
ဓါတ်ပုံ - ဖနိဒါ (ပြီးခဲ့သည့် မေလ ၂၂ ရက်က ကျင်းပခဲ့သော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေး။

ချင်းမိုင်၊ ဇွန် ၁၄ ။               ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံကို ဇွန်လ ၂၀ ရက်တွင် စတင်၍ ရက်သတ္တပတ်ကျော်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပသွားမည် ဖြစ်ကြောင်း UNFC တွဲဘက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။

ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့ကို ဖိတ်ကြားထားပြီဖြစ်ပြီး UNFC အဖွဲ့ဝင် အဖွဲ့စည်းများ ဆွေးနွေးပွဲပိုင်း တစ်ပိုင်းနှင့် အဖွဲ့ဝင်မဟုတ်သော တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော ဆွေးနွေးမှု တစ်ပိုင်းအဖြစ် ကျင်းပသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

“အဖွဲ့ဝင်မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒီဖြစ်စဉ်ထဲမှာ အတူတကွ သွားရမှာပဲလေနော်။ တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်မယ်ဆိုလို့ရှိရင် အဲ့အတွက် ကျနော်တို့ ဘုံလုပ်ငန်းစဉ်တွေ အဓိကဇောင်းပေးပြီး ဆွေးနွေးကြမှာပေါ့လေ”ဟု ဦးထွန်းဇော်က မဇ္ဈိမကို ပြောသည်။

UNFC အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၇ ဦး နှင့် တခြား အဖွဲ့ဝင်မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅ ဦးနှုန်း တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သူက ပြောသည်။

ညီလာခံတွင် UNFC ၏ ဖွဲ့စည်းပုံများ ပြန်လည် သုံးသပ်ခြင်း၊ အဖွဲ့၏ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ခြင်း၊ ခေါင်းဆောင်များ ပြန်လည်ရွေးချယ်တင်မြောက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ   ပြုလုပ်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထို့ပြင် UNFC အဖွဲ့ဝင် ၉ ဖွဲ့ထဲမှ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် စာသင်ထားသော အဖွဲ့ဝင်များ နုတ်ထွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်သွားမည် ဖြစ်သည်။

ညီလာခံတွင် UNFC အဖွဲ့ဝင်အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ ပါဝင်နေသော ကချင်အမျိုးသားအစည်းအရုံး (KNO)ကို အဖွဲ့ဝင်သစ် ဖြစ်လာနိုင်ကြောင်း သတင်းထွက်ပေါ်နေသည်။

UNFC ဥက္ကဌ တာဝန်ယူထားသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် ဝ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်-ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့က အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာတင်ထားသည်။

၂၀၁၁ ခုနှစ်က UNFC အဖွဲ့ဝင် ၁၂ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်အအဖွဲ့အစည်း (LDU) တို့ ၅ ဖွဲ့ ကျန်နေသည်။

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့ နှစ်ဖွဲ့သည် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့သဖြင့် UNFC မှအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags