မုံရွာမြို့ ညောင်ကိုင်းအင်း ပြန်လည်တူးဖော်ရန် စီစဉ်

မုံရွာမြို့ ညောင်ကိုင်းအင်း ပြန်လည်တူးဖော်ရန် စီစဉ်

မုံရွာ၊ ဇွန် ၁၄ ။         ။ မုံရွာမြို့ ထန်းတောရပ်ကွက်ရှိ ညောင်ကိုင်းအင်းအား ပြန်လည်တူးဖော်ရန် စီစဉ်လျှက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

မုံရွာမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် ညောင်ကိုင်းအင်းအား ပြန်လည်တူးဖော်ရန် စီစဉ်လျှက်ရှိပြီး ရေပြန်သွင်းခြင်း ရေထိမ်းတံခါးများပြုလုပ်ခြင်းတို့အား ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

"အဓိကရည်ရွယ်ချက်ကတော့ မုံရွာမြို့ရဲ့ ရေဆိုးထုတ်တဲ့စနစ်ကောင်းမွန်ဖို့နဲ့ ညောင်ကိုင်းအင်း သာယာလှပဖို့အတွက်ပါ၊ စည်ပင်အနေနဲ့ Master Plan တစ်ခုရေးဆွဲခိုင်းထားပါတယ်။ မူအားဖြင့်တော့ စီစဉ်ဆောင်ရွက်ပြီးပါပြီ" ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က ပြောသည်။

ညောင်ကိုင်းအင်းကို ပြန်လည်တူးဖော်ရာတွင် မြို့မိမြို့ဖများမှ စက်ယန္တရားများ ကူညီကြမည်ဖြစ်ပြီး လိုအပ်သော စက်သုံးဆီကုန်ကျစရိတ်အား တိုင်းဒေသကြီးအစိုးရနှင့်   ဆည်မြောင်းဦးစီးဌာနတို့မှ မျှဝေကုန်ကျခံမည်ဖြစ်သည်။

ထို့ပြင် အဆိုပါ ညောင်ကိုင်းအင်းအတွင်း တရားမဝင်ကျူးကျော်နေထိုင်နေသူ ၄၀၆ ဦး ရှိပြီး ၎င်းတို့အား သက်မှတ်အတိုင်းအတာ တစ်ခုရှိ အကွက်များရိုက်ကာ ယာယီနေရာချထားပေးမည်ဖြစ်သည်။
ညောင်ကိုင်းအင်းသည် မုံရွာမြို့ ထန်းတောရပ်ကွက်နှင့် ပြည်ထောင်စုလမ်းဘေးတွင်ရှိပြီး ဧက ၃၀၀ ကျော် ကျယ်ဝန်းကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly