ရန်ကုန်တိုင်းအတွင်း မနှစ်ကထက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း ၅ဆမြင့်တက်

ရန်ကုန်တိုင်းအတွင်း မနှစ်ကထက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း ၅ဆမြင့်တက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၂၀၁၆ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၅ဆ မြင့်တက်နေကြောင်း ဇွန်လ ၁၄ရက်က ပြုလုပ်သည့်   သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်မြင့်တင်ရေးလုပ်ငန်း အစည်းအဝေးပွဲမှ သိရသည်။

ပြည်သူကျန်းမာရေးဦးစီးဌာန၏ စစ်တမ်းအရ ဇန်နဝါရီလမှ မေလအထိ ကောက်ခံထားရာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူမှာ ၁၄၇၇ဦးထိ ရှိပြီဖြစ်သည်။ ၂၀၁၆ခုနှစ် ဇန်နဝါရီမှ မေလအထိ ဖြစ်ပွားမှုနှုန်းမှာ ၂၈၀ဦးရှိသည့်အတွက် ယခုနှစ်တွင် ၅ဆမြင့်တက်နေခြင်းဖြစ်သည်။

"လူဦးရေထူထပ်လာပီး လောက်လန်းနှိမ်နင်းရေး လုပ်ငန်းတွေမှာ ပြည်သူပူပေါင်းပါဝင်မှု အားနည်းနေတာကြောင့် ဒီနှစ်ရောဂါ ဖြစ်ပွားမှုနှုန်းပိုအဖြစ်များလာတယ်"ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဦးဝင်းလွင်က ပြောသည်။

ယင်းအပြင် ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များဆုံးမြို့နယ်များသည် လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံအရှေ့၊ ဒလ၊ မရမ်းကုန်း မြို့နယ်များဖြစ်သည်ဟု ပြည်သူကျန်းမာရေးဦးစီးဌာန၏ စစ်တမ်းအရ သိရသည်။

"အခုအချိန်မှာတော့ ရောဂါအဖြစ်များဆုံးမြို့နယ်တွေမှာ တစ်ပတ်၂ကြိမ်ခန့်သွားရောက်ပီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းတွေကို လုပ်ပေးနေတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာန၏ ဌာနမှူး ဒေါက်တာဒေါ်သန်းသန်းလွင်က ပြောသည်။

၂၀၁၀မှ ၂၀၁၇ခုနှစ်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း စစ်တမ်းကောက်ယူချက်များအရ ၂၀၁၇ခုနှစ်သည် ရောဂါဖြစ်ပွားမှုနှုန်းအများဆုံး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly