ပြေးလမ်းပေါ်က မြန်မာ့စီးပွားရေးနှင့် မျှော်…တလင့်လင့်

ပြေးလမ်းပေါ်က မြန်မာ့စီးပွားရေးနှင့် မျှော်…တလင့်လင့်

NLD အစိုးရ အစတစ်နှစ်စီးပွားရေးဖော်ဆောင်မှုအပေါ် ပြည်တွင်းလုပ်ငန်းရှင်အများစု၏ အားမလိုအားမရဖြစ်ပေါ်ခဲ့ခြင်း များနှင့်အတူ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှေးကွေးနေသည်၊ ရပ်တန့်နေသည်၊ ထင်သလောက်ဖြစ်မလာဘူးဆိုသည့် တုန့်ပြန်သံများ ကြားသိခဲ့ရသလို ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်၍ မြင့်တက်ခဲ့သည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများကြောင့် အခြေခံပြည်သူတို့ဆီမှလည်း အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

စီးပွားရေးတိုးတက်အောင် ဖော်ဆောင်မှုနှင့်ပတ်သတ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ခုနှစ်၊ အောက်တိုဘာလက နေပြည်တော် တွင်ပြုလုပ်ခဲ့သော ပြည်တွင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတစ်ခုတွင် “စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့သည်” ဟု ဝန်ခံခဲ့ပြီးဖြစ်သည်။

ယင်းမတိုင်ခင်ကလည်း နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ မျှော်လင့်နေခဲ့ကြသည့် မြန်မာ့စီးပွားရေးမူဝါဒ ၁၂ ချက်ကို ဇူလိုင်လကုန်ကာနီးတွင် ထုတ်ပြန်ခဲ့ဖူးပြီး ထိုအချက်များသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျယ်ပြန့်သော်လည်း အသေးစိတ်အချက်အလက်များမပါဝင်ဟု ဆိုကြသည်။

မူဝါဒများတည်ငြိမ်ဖို့လို

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒပိုင်းဆိုင်ရာကိုးကားပြဌာန်းချက်များက တိကျခိုင်မာပြတ်သားဖို့လိုသည်ဟု လုပ်ငန်းရှင်များက ပြောဆိုလေ့ရှိကြသည်။

သို့ဖြစ်ရာ မူဝါဒနှင့် ဥပဒေပိုင်းဆိုင်ရာတို့နှင့် နှီးနွယ်လုပ်ကိုင်နေရသည့် စီးပွားရေးလုပ်ငန်းရှင်များအဖို့ နိုင်ငံ၏ စီးပွားရေး မူဝါဒများ တည်ငြိမ်ရှင်သန်ပြီး ယခုနှစ်တွင် စီးပွားရေးဦးမော့ဖို့ ပြည်တွင်းလုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

ထောက်ပို့နှင့် ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်နေသည့် အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်အေးမြတ်မြတ်သူက "မူဝါဒတစ်ခုချမှတ်လိုက်ပြီဆိုရင် ကာလတိုအတွင်း ပြောင်းလဲပစ်လိုက်တာသည် မဖြစ်သင့်တဲ့ကိစ္စပါ။ စမ်းသပ်လုပ်လိုက်တယ်။ အဲဒါကြီးက မှားသွားလို့ ပြန်ပြင်လိုက်ရင်ဆိုတောင်မှ ရင်ဆိုင်ရတဲ့သူက ဘဝပျက်သွားနိုင်တယ်။ အဲဒါကြောင့် မူဝါဒပိုင်းမှာလည်း ကာလတို သတ်မှတ်တာလား၊ ကာလရှည် သတ်မှတ်တာလားသေသေချာချာ စဉ်းစားပြီးမှ ချစေချင်ပါတယ်။ ခဏခဏပြောင်းတာတွေက အရမ်းအန္တရာယ်များပါတယ်"ဟု ပြောသည်။

ထို့အပြင် သူမက မူဝါဒအပြောင်းအလဲများက လုပ်ငန်းငယ်များကို ပြိုလဲသွားစေနိုင်သည်ဟု ဖြည့်စွပ်ပြောဆိုသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တိုင်းပြည်စီးပွားရေးလုပ်ငန်းများအပေါ်အကာအကွယ်ပေးခြင်းထက် အထောက် အပံ့ပေးခြင်းကိုသာ ဆောင်ရွက်သွားမည်ဟု လုပ်ငန်းရှင်များကို အတိအလင်းပြောကြားထားပြီးဖြစ်သော်လည်းနည်းပညာ၊ ဈေးကွက် နှင့် ငွေကြေးအရင်းအနှီးအားနည်းမှုများရှိနေသည့် ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အထောက်အပံ့ပေးနိုင်မည့် မူဝါဒတစ်ရပ် မရှိသေးဘူးဟုလည်း လုပ်ငန်းရှင်များက ထောက်ပြကြသည်။

မူဝါဒအပြင် အခြေခံအဆောက်အအုံကဏ္ဍ တိုးတက်ဖို့လို

ယင်းသို့ စီးပွားရေးဆိုင်ရာ မူဝါဒနှင့် ဥပဒေများချမှတ်ရာတွင် ပြည်တွင်းစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို မျက်နှာမူ၍ ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်လည်း အရေးကြီးနေသည်။

အစိုးရသစ်၏ ပထမတစ်နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေနှင့် နိုင်ငံ့စီးပွားရေးမူဝါဒများ၊ နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် ဦးစားပေးဆောင်ရွက်သွားမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို   စောင့်ကြည့်နေကြသောကြောင့် ထိုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိသိသာသာကျဆင်းခဲ့သည်။

NLD အစိုးရအနေနှင့် ပထမတစ်နှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သစ်တစ်ရပ်ကို အသစ်ပြန်လည်ဖွဲ့စည်း ခဲ့သလို ၂၀၁၇ ခုနှစ် မတ်လကုန်တွင်လည်း   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်(နည်းဥပဒေ) ကိုလည်း ချိန်သားကိုက် ထုတ်ပြန်နိုင်ခဲ့သည်။

ဥပဒေအရ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် မြန်မာ၏ ဒေသဖွံ့ဖြိုးမှု အနည်းအများအလိုက် ဝင်ငွေအခွန်သက်သာခွင့် ရရှိမည်ဖြစ်သည်။

လက်ရှိတွင် ပြင်ဆင်ထားသော ဥပဒေသစ်များ၊ စီးပွားရေးမက်လုံးအသစ်များက နိုင်ငံတကာရင်းနှီးမြုှပ်နှံသူများကို ယခင်ကထက် ပိုမိုဆွဲဆောင်နိုင်မည်ဟု အစိုးရက ယုံကြည်ထားသော်လည်း နိုင်ငံ၏ ဘဏ်လုပ်ငန်းအခြေအနေနှင့်

နယ်သာလန်ဘုရင့်နိုင်ငံ သံအမတ်ကြီးဖြစ်သူ မစ္စတာ ဝေါင်တာ ရာဂန်(စ)က "အများစုဟာ မြန်မာကို ပိုပြီးနားလည်သိရှိဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ သူတို့ဟာ ဒီမှာ အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာ ကြားသိထားပြီး ဒီအခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေကို သူတို့ကိုယ်တိုင် သိမြင်သွားဖို့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် နိုင်ငံခြားလုပ်ငန်းရှင်များက ပြည်တွင်း ဘဏ်လုပ်ငန်းအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးစည်းမျဉ်းများအပြင် အခြား စည်းမျဉ်းမူဘောင်များကို ကြည့်ရှုလျက်ရှိသည်ဟု သံအမတ်က ဖြည့်စွပ်ပြောဆိုထားသည်။

အစိုးရကလိုလားနေသော ဒေသစုံ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရန်အလို့ငှာ ယင်းဒေသများ၏ အားနည်းလျက်ရှိနေသော စွမ်းအင်၊လျှပ်စစ်၊ လမ်းတံတားစသည့် အခြေခံအဆောက်အအုံများတိုးတက်ရန် အစိုးရက အားထည့်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရန် လိုအပ်နေသည်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက " တစ်အချက်ကအခြေခံအဆောက်အအုံတွေ ပံ့ပိုးပေးဖို့ လိုတယ်။ဖယောင်းတိုင်နဲ့အလုပ်လုပ်လို့မရဘူးလေ။ လျှပ်စစ်ရှိမှရမယ်လေ။ ပြီးတော့ မြေရှိဖို့လိုတယ်။ အရင်းအနှီး ရှိပြီးတော့ Start Up တွေရှိဖို့လိုတယ်။ ဘဏ်က ဒါကို အလုပ်ဖြစ်နိုင်ရင် ငွေချေးဖို့လိုတယ်။ အကုန်လုံးဘက်စုံ ပူးပေါင်းလုပ်ဖို့လိုတယ်"  ဟု မဇ္ဈိမကို ပြောဆိုထားသည်။

ရင်းနှီးမြှုပ်နှံမှုအတွက် လျှပ်စစ်မီးက ပိုမိုအရေးကြီးလာ

ဒေသတွင်းအာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံအနေဖြင့် လူတစ်ဦးချင်းလျှပ်စစ်စွမ်းအင်ရရှိမှုမှာ အဆင့် ၇ နေရာတွင် ရှိနေကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်စွမ်းအားထုတ်လုပ်မှုမှာ ၄၅၀၀ မဂ္ဂါဝပ်ရှိပြီး လူဦးရေ၏ ၃၅ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိကြောင်း အမေရိကန်စွမ်းအင်ကုမ္ပဏီဖြစ်သည့် General Electric(GE) ကုမ္ပဏီထံမှ သိရသည်။

GE ကုမ္ပဏီ - အာရှပစိဖိတ်ဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် မဟာဗျူဟာဌာန၏ အထွေထွေမန်နေဂျာဖြစ်သူ  Kazunari Fukui က "လျှပ်စစ်မီးရရှိဖို့က နိုင်ငံသားတွေရဲ့ နေ့စဉ်လူမှုဘဝမှာ အခြေခံကျလျက်ရှိပါတယ်။ ဒါက နံပတ် (၁) အချက်ပါ။ နောက်တစ်ချက်ကတော့ စက်မှုလုပ်ငန်းခွင်တွေမှာ လျှပ်စစ်မီးကို အပြည့်အဝမဖြန့်ဖြူးပေးနိုင်ဘူးဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လျှပ်စစ်စွမ်းအားကို အခြေခံအဆောက်အဦးကဏ္ဍမှာ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်မှတ်ယူပြီး နိုင်ငံ့ရဲ့ အခြေခံလိုအပ်ချက်တစ်ခုလို ဦးတည်အာရုံစိုက်ဖော်ဆောင်သင့်ပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့လျှပ်စစ်စွမ်းအင်သုံးစွဲမှု အနည်းဆုံးနိုင်ငံထဲတွင် ပါဝင်နေပြီး တစ်ဦးချင်းသုံးစွဲမှုမှာ ကမ္ဘာ့ပျမ်းမျှနှုန်းအောက် အဆ ၂၀ ပိုမိုလျှော့နည်းနေသည်ဟု GE က ဆိုသည်။

ပြေးလမ်းပေါ်က မြန်မာ့စီးပွားရေး

ယခုလအတွင်း နေပြည်တော်မှာပြုလုပ်ခဲ့သည့် မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက လက်ရှိမြန်မာ့ စီးပွားရေးသည်   ပြေးလမ်းပေါ်က လေယာဉ်တစ်စင်းအဖြစ် ခိုင်းနှိုင်း ထားပြီး ယခုနှစ်တွင် အရှိန်အဟုန်ဖြင့် ပျံတက်ဖို့ ရှိနေသည်ဟု ပြောဆိုထားသည်။

သက်သေပြရန် စီးပွားရေးအခင်းအကျင်းများကလည်း ရှိတန်သလောက် ရှိနေပြီဟု ပြောဆို၍ရသော်လည်း အထက်တွင် ဖော်ပြခဲ့သည့် တည်ငြိမ်သည့် မူဝါဒများ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရန်လိုအပ်ချက်များက ရှေ့ဆက်လုပ်ကိုင်ရမည် ဖြစ်သည်။

အရေးကြီးသည်မှာ အစိုးရမှာ မည်သို့သော ရေတို၊ ရေရှည်အစီအစဉ်များရှိနေမည်နည်းနှင့် စီးပွားရေးတိုးတက်မှုအတွက် မည်သို့ အာရုံစိုက်မည်ဆိုသည်က အရေးကြီးနေသည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD ဦးဆောင်သည့် အစိုးရအနေနှင့် နိုင်ငံ၏ စီမံအုပ်ချုပ်မှုတာဝန်များကို ဦးရွက်ထမ်းဆောင်လာခဲ့သည်မှာ ပထမတစ်နှစ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။ ၂၀၁၅ ခုနှစ် သမိုင်းဝင်ရွေးကောက်ပွဲ မတိုင်ခင်ကပင် ပါတီက ဦးစားပေးဖော်ဆောင်ချင်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကိစ္စများကလည်း လိပ်ခဲတည်းလည်း အခြေအနေများကြားကပင် ညှိုနှိုင်းနေဆဲဖြစ်သည်။

တစ်ဘက်တွင်လည်း လုပ်ငန်းရှင်များက ငြိမ်းချမ်းရေးအပြင် နိုင်ငံ့၏ စီးပွားရေးတိုးတက်မှုကိုလည်း တိုးမြှင့်သင့်သည်ဟု ဆိုကြသည်။

Mizzima Weekly