အခက်အခဲတွေပြည့်နေတဲ့ နိုင်ငံ့အရေးဖော်ဆောင်ဖို့ အမြန်ဆုံးနည်းလမ်းတွေ့ချင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခက်အခဲတွေပြည့်နေတဲ့ နိုင်ငံ့အရေးဖော်ဆောင်ဖို့ အမြန်ဆုံးနည်းလမ်းတွေ့ချင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Photo - ဆွီဒင်လွှတ်တော်တွင် မိန့်ခွန်းပြောကြားနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Ministry of Foreign Affairs)

နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဒုက္ခသုက္ခတွေ ပြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့အရေးကို ဖော်ဆောင်ရာမှာ သတိကြီးစွာဆောင်ရွက်ရတာဖြစ်တဲ့အတွက် လုံလောက်တဲ့ အချိန်နဲ့နေရာတွေ လိုတာအပ်တာကြောင့် အမြန်ဆုံးနည်းလမ်းကို တွေ့ချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

၎င်းက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ကိုရောက်ရှိနေစဉ် ဆွီဒင်လွှတ်တော်တွင် ဇွန် ၁၂ရက်က မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အရေးနဲ့စပ်လျဉ်းပြီး ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေး ဖော်ဆောင်ခြင်းတွေကလည်း အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ၎င်းက ပြောခဲ့ပြီး ထိုဒေသတွင် အခွင့်အရေးများအပြည့်အဝ ကာကွယ်နိုင်ရန်နှင့် တင်းမာမှုတွေလျော့ကျနိုင်ရေးကို မလွဲမသွေဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

"ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကသာ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီရေးနဲ့  ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေဟာ ဆုံးခန်းမတိုင်သေးပါဘူး။ မလွယ်မှန်းသိပေမယ့် ဒါဟာပြည်သူတွေအတွက် မရှိမဖြစ်လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါတယ်။ မတူညီတဲ့လူမျိုးစုတွေကြား စည်းလုံးမှုဖော်ဆောင်ရင်း ထိုခရီးလမ်းအပေါ် ဆက်လျှောက်နေဆဲဖြစ်ပါတယ်" လို့ ဆက်ပြောကြားခဲ့သည်။

မိန့်ခွန်းထဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီရရှိရေးကို အလေးပေးပြောကြားခဲ့ပြီး ၂၁ရာစု ပင်လုံဒုတိယအကြိမ်အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို  လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်ရန်ကိစ္စများစွာ ကျန်ရှိနေသေးကြောင်းကိုလည်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန်လ ၄ရက်နေ့မှာ စတင်ထွက်ခွာပြီး ဇွန်လ၁၄ရက် နံနက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly